ချောင်းဦးမြို့နယ် ခင်မွန်ရွာမှာ အဖမ်းခံထားရသူ ၄၀၀ ခန့်ရှိလာ

2022.10.07
ချောင်းဦးမြို့နယ် ခင်မွန်ရွာမှာ အဖမ်းခံထားရသူ ၄၀၀ ခန့်ရှိလာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာ မြေပုံကို တွေ့ရစဉ်။
Photo: Google Map

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာက ဒေသခံတွေကို စစ်ကောင်စီတပ်က ဆက်တိုက် ဖမ်းဆီးနေတာကြောင့် ဒီနေ့မနက်ပိုင်းအထိ ရွာရဲ့ မင်းကျောင်း ဘုန်းကြီးကျောင်းထဲမှာ ထိန်းသိမ်းခံထားရသူဟာ လူ ၄၀၀ လောက်အထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ခင်မွန်ရွာကို အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းကတည်းက ဝင်ရောက်စီးနင်းထားပြီး မသင်္ကာတဲ့လူတွေကို ဘုန်းကြီးကျောင်းထဲကို ဖမ်းခေါ်စစ်ဆေးစဉ် မှာ အောက်တိုဘာ ၆ ရက်၊ မနက်ပိုင်းထိ လူ ၇၀ လောက်ကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အိမ်ခြေ ၁၅၀၀ လောက်ရှိတဲ့ ရွာကြီးဖြစ်တာကြောင့် နောက်ထပ် မသင်္ကာတဲ့ ဒေသခံတွေ ကိုလည်း ထပ်မံဖမ်းဆီးပြီး လက်ရှိမှာ အဖမ်းခံထားရသူတွေဟာ လူပေါင်း ၄၀၀ လောက် အထိ ရှိလာနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မင်းကျောင်းက ငါးဧကလောက်ကျယ်တယ်။ တွေ့တာ အကုန်ဖမ်းတယ်။ မိန်းကလေး သတ်သတ်၊ ယောက်ကျားလေးသတ်သတ် ခွဲထားတယ်လို့ ပြောတယ်။ လူကများတော့ သူတို့လည်း မကျွေးနိုင်ဘူး။ အိမ်ကို ထမင်းထုတ်ပြန်ယူရင် လက်မှတ်ထိုးပြီး ပြန်ယူရတယ်လို့ ပြောတယ်။ သူတို့ကတော့ အခုထိ ရွာကမထွက်သေးဘူး"

ဖမ်းဆီးစစ်ဆေးစဉ် လူတချို့ကိုလည်း ရိုက်နှက်စစ်ဆေးတာတွေရှိနေပြီး ဒီနေ့ထိ ရွာက နေအိမ် သုံးလုံးလည်း မီးရှို့ခံထားရတယ်လို့ သူကဆိုပါတယ်။

အောက်တိုဘာ ၆ ရက်နေ့ မနေ့က ညနေပိုင်းမှာတော့ စစ်ကား နှစ်စီးနဲ့ အင်အား ထပ်ဖြည့်တာတွေရှိနေပြီး ည ၁၀ နာရီလောက်ကနေ မနက် ၃ နာရီလောက်ထိ သေနတ်ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူပေါင်း ၄၀၀ လောက်ထိ ဖမ်းဆီးခံနေရတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

အခုစစ်ကြောင်းဟာ ခင်မွန်ရွာ မလာခင် မုံရွာမြို့နယ် မုံရွေးနဲ့ ကြေးမုံရွာကို ဝင်ရောက် စီးနင်းစဉ်တုန်းကလည်း ဒေသခံ တစ်ရာလောက်ကို ဘုန်းကြီးကျောင်းထဲမှာ စုဖမ်းထားခဲ့ပြီး စစ်ကြောင်းပြန်ထွက်တဲ့အချိန်မှ လွှတ်ပေးခဲ့တာပါ။

ဒါပေမဲ့ ခင်မွန်ရွာဘက်ကို ကူးလာစဉ်မှာတော့ လမ်းတစ်လျှောက်မှာ မိုင်းဆွဲ တိုက်ခိုက် ခံရမှာ စိုးရိမ်တာကြောင့် မုံရွေးနဲ့ ကြေးမုံက ဒေသခံ ၁၀ ဦးလောက်ကို ဓားစာခံအဖြစ် ဖမ်းပြီး စစ်ကြောင်းနဲ့အတူ ခင်မွန်ရွာကို ခေါ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုဖြစ်ရပ်ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရ စစ်ကိုင်းတိုင်း လူမှုရေး ဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါဘူး။

မုံရွာမြို့နယ်ထဲက မုံရွေးနဲ့ ကြေးမုံရွာတွေကို အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်တာ စီးနင်းထားစဉ်မှာတော့ ရွာက နေအိမ် ၁၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ၃၆,၂၀၉ လုံးထက်မနည်း မီးရှို့ခံခဲ့ရပြီး အဲဒီအထဲကမှ စစ်ကိုင်းတိုင်းက ၂၅,၃၇၇ လုံးနဲ့ အများဆုံး မီးရှို့ခံရတဲ့ဒေသ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။