မုံရွာ-ချောင်းဦး ကားလမ်းမှာ စစ်ကောင်စီကားနှစ်စီး မိုင်းခွဲခံရ

2022.01.22
မုံရွာ-ချောင်းဦး ကားလမ်းမှာ စစ်ကောင်စီကားနှစ်စီး မိုင်းခွဲခံရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်ပြည်နယ်မှာ ၂၀၂၁၊ ဧပြီ ၇ ရက်နေ့က တွေ့ရစဉ်
Photo: HANDOUT / FREE BURMA RANGERS / AFP

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးသွား ကားလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ကားနှစ်စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ဇန်နဝါရီ ၂၁ ရက် မနေ့ညနေက မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ Immortal Guerilla Force IGF – Monywa အဖွဲ့က ထုတ်ပြန်ပါတယ်။

မနေ့က ညနေ ခြောက်နာရီလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ရော သေနတ်နဲ့ပါ အနီးပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့လို့ အရပ်သား ပြည်သူတစ်ဦး သေနတ်ကျည် ထိမှန်သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးခဲ့တဲ့သူတွေကို မုံရွာမြို့ဆီ အိမ်စီးကားတွေနဲ့ ည ၁၂ နာရီ ထိုးတဲ့အချိန်အထိ သယ်ခဲ့ကြရသလို ထိခိုက်ဒဏ်ရာရသူ သေဆုံးသူ အရေအတွက် အတိအကျတော့ မသိရဘူးလို့ ထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေ ပါတယ်။

ခုလိုတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အချိန်အတွင်း ဒေသခံပြည်သူတွေအနေနဲ့ စစ်သားတွေရဲ့ အနီးတစ်ဝိုက်မှာ နေထိုင်သွားလာတာတွေ မလုပ်ကြဖို့ကိုလည်း ချောင်းဦးမြို့နယ် PDF က သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။