ချောင်းဦး၊ ရှမ်းထူးရွာ မီးရှို့ခံရပြီး ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ

2022.10.11
ချောင်းဦး၊ ရှမ်းထူးရွာ မီးရှို့ခံရပြီး ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မယ်သဲကြိုးကွင်းရွာမှ နေအိမ်အချို့ မီးရှို့ခံရသည်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: Khin Mon Revolution 1.0

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၁ ရက် ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးနေတာကြောင့် အနီးအနားက ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီနေ့မနက်အစောပိုင်းမှာ ရှမ်းထူးရွာအနီးက မယ်သဲကြိုးကွင်း (တောတိုက်) က နေအိမ် ၁၀ လုံးလောက်ကို မီးရှို့ခဲ့ပြီးနောက် ရှမ်းထူးရွာကို ထပ်မံ ဝင်ရောက်စီးနင်းနေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းက မနက်အစောပိုင်းမှာ မယ်သဲကြိုးကွင်းမှာ အရင်မီးရှို့တယ်။ အခု ရှမ်းထူးရွာထဲကို ဝင်ပြီးမီးရှို့နေတာ မီးခိုးလုံးတွေ လှမ်းမြင်နေရတယ်။ ရွာကလူတွေရော ရွာနီးချုပ်စပ်ကရော အကုန်ထွက်ပြေးနေရတယ်”

နေ့လယ်အထိ မီးရှို့နေဆဲဖြစ်တာကြောင့် နေအိမ်အရေအတွက် ဘယ်လောက်မီးလောင် သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကြောင်းဝင်ရောက်လာတာကြောင့် ရှမ်းထူးရွာအပါအဝင် ပေါက်၊ မယ်သဲကြိုးကွင်း၊ ညောင်ပင်တဲ စတဲ့ ရွာတွေက ဒေသခံ ၁၅၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ချောင်းဦးမြို့နယ်ထဲက ရွာတွေကို လှည့်ပတ် စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး သူတို့စစ်ကြောင်းသွားချိန် မိုင်းဆွဲတိုက်ခိုက်ခံရမှာ စိုးရိမ်တာကြောင့် ဒေသခံ ၁၂ ယောက်လောက်ကို ဓားစာခံအဖြစ်ပါ ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့လည်း ဒေသခံတွေ က ပြောပါတယ်။

အင်အားတစ်ရာကျော်ပါတဲ့ ဒီစစ်ကြောင်းဟာ ရှမ်းထူးရွာမလာခင် ချောင်းဦးမြို့နယ်ထဲက ခင်မွန်ရွာနဲ့ အောင်ချမ်းသာရွာတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး ခင်မွန်ရွာမှာတော့ နေအိမ် ၁၀ လုံးလောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာ သိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ၃၆,၂၀၉ လုံးထက်မနည်း မီးရှို့ခံခဲ့ရပြီး အဲဒီအထဲကမှ စစ်ကိုင်းတိုင်းက ၂၅,၃၇၇ လုံးနဲ့ အများဆုံး မီးရှို့ခံရတဲ့ဒေသ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။