ချောင်းဦးမြို့နယ် ခင်မွန်ရွာမှာ စစ်ကောင်စီတပ်က ဒေသခံ ၇၀ ခန့် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ခင်မွန်ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၅ ရက် မနေ့က ဝင်ရောက်စီးနင်းပြီး ဒေသခံ ၇၀ လောက်ကို ခင်မွန်ရွာက မင်းကျောင်း ဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ခင်မွန်ရွာနဲ့ သုံးမိုင်လောက်ဝေးတဲ့ မုံရွာမြို့နယ် မုံရွေးနဲ့ ကြေးမုံရွာ တွေကို ဝင်ရောက်စီးနင်းပြီးနောက် ဆက်လက်ထွက်ခွာလာတဲ့ စစ်ကြောင်းဖြစ်ပြီး လက်ရှိမှာတော့ ခင်မွန်ရွာမှာ စခန်းချထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူတို့ဝင်လာတော့ မသင်္ကာတဲ့လူတွေ အကုန်ဖမ်းတယ်။ ဖမ်းထားတာ ၇၀ လောက် ရှိတယ်။ အခုတော့ မင်းကျောင်း (ဘုန်းတော်ကြီးကျောင်း) မှာ အကုန်ဖမ်းထားတယ်။ သူတို့စစ်ဆေးနေတာတွေလည်း လုပ်နေတယ်။ အခုတော့ ရွာအနောက်ခြမ်းမှာ ပတ်မွှေနေတယ်"
မနေ့က မုံရွေးနဲ့ ကြေးမုံရွာတွေကို ဝင်ရောက်စီးနင်းထားစဉ်မှာတော့ ဒေသခံ တစ်ရာ လောက်ကို ဖမ်းဆီးခဲ့ပြီး စစ်ကြောင်းပြန်ထွက်ချိန် အားလုံးနီးပါးကို လွှတ်ပေးခဲ့တယ်လို့ သူကဆိုပါတယ်။
ဒါပေမဲ့ ခင်မွန်ရွာဘက်ကို ကူးလာစဉ်မှာတော့ လမ်းတစ်လျှောက်မှာ မိုင်းဆွဲ တိုက်ခိုက် ခံရမှာ စိုးရိမ်တာကြောင့် မုံရွေးနဲ့ ကြေးမုံက ဒေသခံ ၁၀ ဦးလောက်ကို ဓားစာခံအဖြစ် ဖမ်းပြီး စစ်ကြောင်းနဲ့အတူ ခင်မွန်ရွာကို ခေါ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။
မုံရွေးနဲ့ ကြေးမုံရွာတွေကို အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်တာ စီးနင်းထားစဉ် မှာတော့ ရွာက နေအိမ် ၁၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ၃၆,၂၀၉ လုံးထက်မနည်း မီးရှို့ခံခဲ့ရပြီး အဲဒီအထဲကမှ စစ်ကိုင်းတိုင်းက ၂၅,၃၇၇ လုံးနဲ့ အများဆုံး မီးရှို့ခံရတဲ့ ဒေသဖြစ်ပါတယ်။