သန်းခေါင်စာရင်းကောက်သူတွေကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF တိုက်ခိုက်
2024.10.31

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်နဲ့ လောင်းလုံးမြို့နယ်တွေက သန်းခေါင်စာရင်းကောက်သူတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး ရှစ်ဦး သေဆုံးသွားတယ်လို့ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က အောက်တိုဘာလ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒရုန်းနဲ့ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာလို့ သရက်ချောင်းမြို့နယ် တိုက်ခိုက်မှုမှာ ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ရန်တောင်ရွာ ရောက်နေတဲ့ ယာယီ စခန်းချနေသူတွေကို ဒရုန်းဗုံးသီးနှစ်လုံးချ တိုက်ခိုက်မှုမှာ လေးကောင်နေရာတင် ပွဲချင်းပြီးသေတယ်၊ လေးကောင် စိုးရိမ်ရတယ်၊ ၁၆ ရက်နေ့မှာ သင်းကျွန်းရွာမှာ ယာယီစခန်းချနေသူတွေကို ဒရုန်းဗုံးသီးနှစ်လုံးချတိုက်ခိုက်ရာ သုံးကောင်ထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်"
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်တဲ့ စစ်ကောင်စီတပ်သားတွေကို ဟန့်တား ပိတ်ဆို့တဲ့ အနေနဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ရန်တောင်ရွာနဲ့ ၁၆ ရက်နေ့မှာ သင်းကျွန်းရွာတွေမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ ဒါ့အပြင် လောင်းလုံးမြို့နယ် ညင်းမော်ရွာမှာလည်း ၁၉ ရက်နေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေမှာ ဥဩစစ်ကြောင်း (ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၊ SKY Ghost Drone Force၊ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီတပ်သားတွေ သေဆုံးကြောင်း ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ပြင်ဆင်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကိုးဦးကို မြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၊ သန်းခေါင်စာရင်းကောက်ရာမှာ ပါဝင်သူ အရပ်သားတစ်ဦးနဲ့ ဆရာမ ခုနစ်ဦးအပါအဝင် ကိုးဦးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ သူတို့ဟာ ပန်းချီရှောင်၊ မဲနယ်အိုး၊ သရက်နှစ်ခွနဲ့ ရန်တောင် စတဲ့ရွာတွေကဖြစ်တယ်လို့လည်း ပြောပါတယ်။
၂၀၂၄ သန်းခေါင်စာရင်းကို လူအင်အား ၄၂၀၀၀ ကျော်နဲ့ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ကောက်ယူခဲ့ပြီး အကြောင်းကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း မကောက်ရသေးတဲ့နေရာတွေကို အောက်တိုဘာ ၃၁ ရက်နေ့အထိ ရက်တိုးကောက်ယူမယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၁၆ ရက်နေ့က ကြေညာခဲ့တာပါ။
ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တွေမှာ စစ်ကောင်စီဝန်ထမ်းတွေ သန်းခေါင်စာရင်း ကောက်ယူချိန်မှာ တိုက်ခိုက်ခံရတာ၊ ဖမ်းဆီးခံရတာ၊ အသတ်ခံရတာတွေ ရှိခဲ့ပါတယ်။