ဟုမ္မလင်းမြို့မှာ ကျောင်းဆရာမတစ်ဦး ပစ်သတ်ခံရ

2021.10.25
ဟုမ္မလင်းမြို့မှာ ကျောင်းဆရာမတစ်ဦး ပစ်သတ်ခံရ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ကျောင်းဆရာမ မမေနှင်းအေး ကို တွေ့ရစဉ်
Photo: Kyaw Win Sein- FB

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ကျောင်းဆရာမ တစ်ဦးဟာ အောက်တိုဘာလ ၂၄ ရက် မနေ့ည ၆ နာရီခွဲခန့် နေအိမ်မှာရှိနေချိန် ပစ်သတ်ခံ လိုက်ရပါတယ်။

သေဆုံးသွားတဲ့ ဆရာမ မမေနှင်းအေးဟာ စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာကြောင့် ပုန်းရှောင်နေရတဲ့ စစ်ကိုင်းတိုင်း သပိတ်ဦးဆောင်သူ ကိုကျော်ဝင်းစိန်ရဲ့မရီးဖြစ်ပြီး တစ်နှစ်ကျော်အရွယ်သားတစ်ဦး ကျန်ခဲ့ပါ တယ်။

“ည ၆ နာရီခွဲလောက်မှာ ကျနော့မရီးက ကျနော့အခန်းဘေးက ဝရန်တာနားမှာ ထိုင်နေရင်း လူစိမ်း သုံးယောက်က သေနတ်နဲ့ ဝင်ပစ်သွားတယ်လို့သိရပါတယ်၊ သေနတ်ဒဏ်ရာ သုံးချက်မှန်ပြီး ကျနော့် မရီး ဆုံးသွားပါပြီ” လို့ ကိုကျော်ဝင်းစိန်က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အတည်ပြု ရေးသားထားပါတယ်။

အောက်တိုဘာလ ၂၄ ရက် နေ့လယ်ပိုင်းက ဟုမ္မလင်းမြို့ရဲ့ စစ်ကောင်စီသတင်းပေးဒလန်နဲ့ ပျူစောထီး ခေါင်းဆောင်ဆိုသူ မောင်မော့ကို အမည်မသိလူနှစ်ဦးက ပစ်ခတ်ခဲ့တဲ့ကိစ္စဟာလည်း သူနဲ့ပတ်သက်ခြင်း မရှိဘူးလို့ ကိုကျော်ဝင်းစိန်က ရေးသားထားပါတယ်။

ကျောင်းဆရာမ ပစ်သတ်ခံရတဲ့ကိစ္စကို ဘယ်အဖွဲ့က လုပ်ခဲ့သလဲဆိုတာတော့ RFA အနေနဲ့ သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။