KNU ဧရိယာထဲ ထွက်ပြေးနေတဲ့ CDM ရဲတပ်ဖွဲ့ဝင်၂၅ ဦးရှိနေ
အာဏာသိမ်းစစ်ကောင်စီအောက်မှာ တာဝန်မထမ်းလိုတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်တပ်ကို ပြန်လည်တွန်းလှန် နိုင်တယ်လို့ ယုံကြည်တဲ့ KNU ဧရိယာထဲကို ထွက်ပြေးနေကြပါတယ်။
KNU နယ်မြေထဲ ထွက်ပြေးကြတဲ့ ရဲတွေဟာ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်ဘက်က ရဲတွေဖြစ်ပါတယ်။
မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းက CDM လုပ်သွားတဲ့ ရဲတပ်သား ကျော်သူစိုးက "ရဲတပ်ဖွဲ့ဆိုတာနဲ့ အွန်လိုင်းပေါ် လက်သုံးချောင်းထောင်ကတည်းက သူတို့က ကျွန်တော်တို့ကိုဖမ်းပြီး၊ အသည်းအသန် လိုက်ဖမ်းပြီး၊ ကျွန်တော်တို့က ရှောင်ရတယ်။ ယူနီဖောင်းနဲ့ဆိုတော့ ကျွန်တော်တို့ ယူနီဖောင်းတွေချွတ် ကူညီပေးမယ့်သူတွေနဲ့ အသက် အန္တရာယ်ကင်းဝေးတဲ့ နေရာပေါ့ဗျာ လက်နက်ကိုင်တပ်ဖွဲ့ကို ပြန်ခုခံနိုင်တဲ့ KNU တပ်ဖွဲ့နေရာ လာရှောင်ရတာပေါဗျာ"လို့ ပြောပါတယ်။
လက်ရှိ KNU ရဲ့ ထိန်းချုပ်ဧရိယာတစ်ခုမှာ အနယ်နယ်၊ အရပ်ရပ်က ထွက်ပြေးတိမ်းရှောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၂၅ ဦးရှိနေတယ်လို့ CDM ရဲတွေက RFA ကို ပြောပါတယ်။
ရဲတပ်သား ကျော်သူစိုးက "စစ်အာဏာရှင်လက်အောက်မှာ ကျွန်တော်တို့ လုံးဝ၊ လုံးဝ ဆက်လက် တာဝန် ထမ်းဆောင်နိုင်ခြင်း မရှိတဲ့အတွက် CDM လုပ်တာ" လို့ ပြောပါတယ်။
KNU နယ်မြေထဲ ထွက်ပြေးကြတဲ့ ရဲတွေထဲမှာ ဒုရဲအုပ်၊ ရဲတပ်ကြပ်ကြီး၊ ရဲတပ်ကြပ်၊ ရဲဒုတပ်ကြပ်နဲ့ ရဲတပ်သား တို့ ပါဝင်တယ်လို့ KNU နယ်မြေရောက် CDM ရဲတွေက ပြောပါတယ်။
အဲဒီထဲမှာ အမျိုးသမီး ရဲတစ်ဦးအပါဝင် အကျဥ်းဦးစီးဌာနက ရဲတစ်ဦးလည်းရှိတယ်လို့ ရဲတပ်သား ကျော်သူစိုး က ပြောပါတယ်။
"ကျွန်တော်တို့ ပြည်ထဲရေးဟာ သူတို့လက်အောက်မှာ ရှိနေတဲ့အတွက် သူတို့အမိန့်ကို မနာခံနိုင်ဘူး၊ ကျွန်တော်တို့ နိုင်ငံတော် အရပ်သား အစိုးရအောက်မှာ ပြည်ထဲရေးကို ရှိစေချင်တယ်၊ လက်ရှိ ဒီစစ်တပ်အောက်မှာ လုံးဝ မရှိစေချင်ဘူး"လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေက စစ်တပ်က KNU ထိမ်းချုပ်နေရာကို ထိုးစစ်ဆင်လာရင် ရှောင်ရတာတော့ရှိတယ်လို့ သူတို့က ပြောပါတယ်။
CDM လုပ်တဲ့ ရဲတွေထဲမှာ ငွေကြေးတစ်စုံတစ်ရာမပါဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးကြသူတွေ ရှိနေပြီး KNU ဘက်က ကူညီပေးထားပေမယ့် စားသောက်ရေးတော့ အခက်အခဲရှိနေတာ စုံစမ်းသိရှိရပါတယ်။