ထီးလင်းရဲစခန်းက ရဲတပ်သားတစ်ဦး CDM မှာပါဝင်လာ
မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရဲစခန်းက ကိုယ်ပိုင်အမှတ် လ.၂၆၉၅၃၃၊ ရဲတပ်သား ကိုသားညီ ဟာ အာဏာ သိမ်းစစ်ကောင်စီ လက်အောက်မှာ တာဝန်ဆက်လက် မထမ်းဆောင်ချင်တာကြောင့် ဇွန်လ (၅) ရက်နေ့ ကစပြီး အာဏာဖီဆန်ရေး CDM လုပ်သွားတယ်လို့ ကိုသားညီနဲ့ နီးစပ်သူတစ်ယောက် RFA ကို သတင်း ပေးပို့လာပါတယ်။
ကိုသားညီကလည်း ''ကျွန်တော် ကိုယ်ပိုင်အမှတ် လ.၂၆၉၅၃၃ ရဲတပ်သား သားညီသည်၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့သို့ (၂၀.၂.၂၀၁၇) ရက်နေ့မစ၍ ယနေ့ထိ (၄) နှစ်ကျော် ရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။ လက်ရှိအချိန်တွင် ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် တာဝန်ထမ်းဆောင်လျှက်ရှိရာ အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူအပေါ် မတရားညှဥ်းပန်းနှိပ်စက်မှုများ ပြုကျင့်လျှက်ရှိသဖြင့် စစ်ကောင်စီ ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့ပါ။ ထို့ကြောင့် (၅.၆.၂၀၂၁)ရက်မှစ၍ CDM တွင် ပါဝင်ပြီး ပြည်သူနှင့်အတူ ရပ်တည်လိုက်ပါသည်။ ပြည်သူ့အစိုးရတက်ရောက်လာပါက ရဲတပ်ဖွဲ့မှ ဥပဒေနဲ့ အညီ အရေးယူခြင်းကို ကျေနပ်စွာ ခံယူသွားမည်ဖြစ်ပါသည်။ အရေးတော်ပုံအောင်ရမည်" ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
လက်ရှိမှာတော့ ကိုသားညီဟာ၊ လုံခြုံရေးအရ သတင်းမီဒီယာတွေကို ဆက်သွယ်ပြောဆိုဖို့ ခက်ခဲနေ သေးပေမယ့်လည်း လုံခြုံတဲ့နေရာကို ရောက်နေပြီလို့လည်း လုံခြုံရေးအရအမည်မဖော်လိုတဲ့ သူနဲ့နီးစပ်သူ ကတဆင့် RFA က စုံစမ်းသိရှိရပါတယ်။