ဟားခါးမှာ အဖမ်းခံထားရသူတွေ ပြန်လွှတ်ပေးဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တောင်းဆို
2021.05.02
ချင်းပြည်နယ် ဟားခါးမြို့တော်မှာ အဖမ်းခံထားရတဲ့ ဆန္ဒပြလူငယ် အယောက် ၅၀ ကျော်ကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပြီး တုံ့ပြန်တာမရှိခဲ့ဘူးဆိုရင် စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်သွားမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဟားခါး) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ တောင်းဆိုတာတွေမပေးဘူးဆိုရင် စစ်ဆင်ရေးလုပ်ဖို့ ကျွန်တော်တို့ဘက်က အစီအစဉ် ဆွဲပြီးသားဖြစ်ပါတယ်။ စစ်တပ်ကနေတော့ ဘာမှတုံ့ပြန်တာမရှိသေးဘူး၊ ကျွန်တော်တို့ရဲ့ ထုတ်ပြန်ချက် ပေါ်မှာ ဘာမှတုံ့ပြန်တာ မရှိသေးဘူးဆိုတော့ ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းပဲ ဆက်လက်ဆောင် ရွက်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ CRPH ကနေရော ကျွန်တော်တို့ ပြည်သူအုပ်ချုပ်တဲ့ အနေနဲ့ရော ထပ်ခါ တလဲလဲ တောင်းဆိုပြီးသားဖြစ်ပါတယ်။ ဒီကနေ့အထိ တောင်းဆိုချက်အပေါ်မှာ သူတို့က အားရစရာ မရှိဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ဒီကနေ့ CDF ဆိုတာ အခုမှလှုပ်ရှားတာပေါ့နော်။ အရင်က တောင်းဆို ခဲ့ပြီးသားတွေကို ထပ်ပြီးတော့ CDF အနေနဲ့ ထပ်မံတောင်းဆိုတာဖြစ်ပါတယ်။ အခုလက်ရှိ ဟားခါးမှာ အဖမ်းခံရသူ ၅၂ ယောက်ရှိတယ်”
လက်ရှိမှာ ဟားခါးမြို့ထဲနဲ့ မြို့ပြင် ၉ နေရာလောက်မှာ စစ်ကောင်စီတပ်က လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတယ်လို့ ဟားခါးမြို့ခံတွေက ပြောကြပါတယ်။
“အခုစစ်တပ်တွေက လောလောဆယ်ဆယ် နေရာယူထားတာကတော့ ဟားခါးပြည်သူ့ဆေးရုံ၊ ဟားခါးတက္ကသိုလ်၊ ဟားခါး - ကလေးလမ်းမှာ တစ်နေရာ၊ ပြီးတော့ BOC ကုန်းမှာ တစ်ခု၊ မတူပီဘက် သွားတဲ့လမ်းမှာလည်း ဂိတ်တွေ လုပ်ထားတာရှိတယ်။ အခုလောလောဆယ်မှာ ၉ နေရာလောက်မှာ နေရာယူထားတယ်”
စစ်ကောင်စီဖက်က လုံခြုံရေးတွေတင်းကျပ်နေတဲ့ကြားကပဲ ဟားခါးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးကို မေလ၂ ရက် မနေ့က လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး အဲဒီဆန္ဒပြပွဲကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဟားခါး) က လုံခြုံရေးယူပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ သုံးရက်ဆက်တိုက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့မှာလည်း မြို့အပြင်ဘက်တွေမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေး အင်အားတိုးပြီး ချထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ် ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်တပ်ဘက်က အင်းအားဖြည့်တာကတော့မြို့ထဲမှာ ပေါ်ပေါ်တင်တင် မရှိပေမယ့် မြို့နဲ့ အနီးစပ်ဆုံး နေရာတွေမှာ အင်းအားဖြည့်တဲ့ဟာတော့ရှိတယ်။ ကျွန်တော်တို့ဒီ မြို့ထဲကိုပေါ့နော်။ ဆေးရုံမှာ တပ် မချဖို့ရယ်၊ ဟိုဘက်ဘဏ်မှာ စစ်သားတွေမထားဖို့ဆိုတာ ကျွန်တော်တို့ ညှိနှိုင်းတဲ့ဟာ သူတို့ဘက်က လိုက်နာတယ်။ စစ်ကောင်စီက ဖမ်းထားတာ ခြောက်ဦးကို ပြန်လွှတ်ပေးဖို့ကိစ္စကတော့ ဆက်ပြီးဆွေးနွေး မှုတွေ ဆက်လုပ်သွားဖို့ရှိသေးတယ်”
မင်းတပ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်းနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်း နေရာအနှံ့မှာ စာရွက်တွေလိုက်ကပ်တဲ့ သပိတ်ကို မနေ့ကလည်း လုပ်ခဲ့ပါတယ်။
ချင်းပြည်နယ် မြောက်ပိုင်း ဟားခါးမြို့တော်နဲ့ တောင်ပိုင်း မင်းတပ်မြို့တွေမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးအင်အားတွေ ထပ်ဖြည့်တာ၊ စစ်ဆေးရေးဂိတ်တွေလုပ်ပြီး လုံခြုံရေးတွေကို တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ ချင်းပြည်နယ်ထဲက ပြည်သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ပြည်သူတွေကို အကြမ်းဖက်ရက်စက်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် နည်းမျိူးစုံနဲ့ ခုခံတိုက်ခိုက်သွားမယ်ဆိုပြီး ချင်းနယ်မြေခုခံကာကွယ်ရေးအဖွဲ့ Chinland Defense Force (CDF) အဖွဲ့က ကြေညာထားပါတယ်။ ချင်းနယ်မြေခုခံကာကွယ်ရေးအဖွဲ့ CDF ကို ချင်းပြည်နယ်ထဲက မြို့နယ် ၉ မြို့နယ်နဲ့ ပြည်နယ်ပြင်ပမှာရှိတဲ့ ချင်းအမျိုးသားတွေ စုပေါင်းပြီး ဧပြီလ ၄ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။