စစ်ကောင်စီတပ်စွဲထားတဲ့ မတူပီထွေအုပ်ရုံးကို CDF တိုက်ခိုက်
ချင်းပြည်နယ် မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဒီနေ့ နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့ပြီး စစ်သားနှစ်ယောက် သေဆုံးတယ်လို့ CDF အဖွဲ့က ပြော ပါတယ်။
ဖနိုင်ရွာနဲ့ ငလိုင်ရွကြားမှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ စစ်ကောင်စီတပ်သား ၂၀ လောက် တပ်စွဲထားတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ မတူပီ CDF အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ဘက်က တစ်ယောက် လက်နက်ကြီးမှန်ပြီး နားရွက်ထိတယ်။ ဒဏ်ရာ ကြီးကြီးမားမား မရဘူး။ ဟိုဘက်ကကျတော့ နှစ်ယောက် သေတယ်။ တစ်ယောက် ဒဏ်ရာရတယ်။ ဘယ်လောက်ပစ်ပစ် ရုံးအပြင်ဘက်တောင် မထွက်ဘူး။ အဲဒီကနေ လက်နက်ကြီးတွေနဲ့ ပြန်ဆော်တယ်။ စက်သေနတ်ကြီး တွေနဲ့ ပြန်ဆော်တယ်"
စစ်ကောင်စီတပ်က အဲဒီရုံးမှာတပ်စွဲပြီး ၆၀ မမ လက်နက်ကြီးတွေနဲ့ CDF စခန်းတွေရှိရာဘက်ကို ပစ်ခတ်နေတာလို့ ဆိုပါတယ်။
အဲဒီနေရာကနေ နိုဝင်ဘာ၂၅ ရက် မနေ့ည ၉ နာရီကျော်မှာ CDF စခန်းတွေဘက်ကို နှစ်ချက်ပစ်ခတ်ခဲ့သလို ပြီးခဲ့တဲ့နိုဝင်ဘာ ၂၃ ရက်နေ့ ည ၈ နာရီခွဲကနေ ၉ နာရီဝန်းကျင်အထိ လက်နက်ကြီး ရှစ်ချက် ပစ်ခတ်ခဲ့တဲ့ အတွက် CDF အဖွဲ့က ဒီနေ့ ပြန်လည်တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။
ဒီနေ့မနက်က တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မနေ့ကလည်း ဟားခါး-မတူပီလမ်းကနေ ဖနိုင်ရွာက စစ်ကောင်စီတပ်စခန်းကို ကုန်ပို့တဲ့ အရပ်သား ကုန်တင် ကားကို မတူပီ CDF က စစ်ဆေးခဲ့ပြီး ကုန်ပစ္စည်းဖိုး မချေရသေးတာကြောင့် အနီးနားကရွာတွေကို ပြန်ရောင်း ပေးပြီး ကုန်တင်ကားကို ပြန်လှည့်ခိုင်းခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။