ဖမ်းဆီးခံရတဲ့ တနင်္သာရီတိုင်းဝန်ကြီးသုံးဦး အဆက်အသွယ်မရသေး
2021.02.11

တနင်္သာရီတိုင်း လူမှုရေးနဲ့ စည်ပင်ဝန်ကြီး ဦးဟိုပင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီး ဦးကျော်မင်း နဲ့ စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုတို့ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတာ ၁၁ ရက် ကြာတဲ့အထိ ဘာသတင်းမှ မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒီနေ့ဆိုရင် ဝန်ကြီးအိမ်ရာထဲကနေ မိသားစုဝင်တွေ အပြီးထွက်ခွာပေးရမယ်လို့ ရဲအုပ်တစ်ယောက်က နှုတ်မိန့်နဲ့ ပြောထားတယ်လို့ ဝန်ကြီး ဦးဟိုပင်ရဲ့ ဇနီး ဒေါ်မာမာလွင်က ပြောပါတယ်။ ဦးဟိုပင်ဟာ ဖေဖော်ဝါရီ ၁ ရက် မနက် ၅ နာရီကတည်းက လ.ဝ.က ဝန်ကြီး ဦးကျော်မင်းနဲ့အတူ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို မနေ့ညက နေအိမ်အကျယ်ချုပ်ကနေ ထပ်မံဖမ်းဆီးသွားပါတယ်။ မနေ့ညက တနင်္သာရီတိုင်းဝန်ကြီးချုပ်အပြင် ရှမ်းနဲ့ မွန်က ဝန်ကြီးချုပ်တွေလည်း ထပ်မံ ဖမ်းဆီးခံထားရ ပါတယ်။