စစ်တပ်ရဲ့ တရားမဝင် အုပ်စိုးမှု ကြာရှည်တာကို စိုးရိမ်ကြောင်း ကနေဒါသံရုံးထုတ်ပြန်
2023.08.01

စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်နေ့မှာ သက်တမ်းခြောက်လ ထပ်တိုးခဲ့ပြီးနောက် တရားမဝင် အုပ်စိုးမှုတွေ ကြာရှည်နေတာတွေကို ကနေဒါနိုင်ငံအနေနဲ့ အလွန်အမင်း စိုးရိမ်နေတယ်လို့ ကနေဒါသံရုံးက ဩဂုတ်လ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာကို နှစ်နှစ်ခွဲကြာလာတဲ့အထိ ကနေဒါအနေနဲ့ ဆက်လက် ရှုတ်ချပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအပေါ် စိတ်အားထက်သန်မှုတွေကို ထောက်ခံအားပေးတယ်လို့ ရေးသားထားပါတယ်။
မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့၊ လူ့အခွင့်အရေး အခြေခံ လွတ်လပ်ခွင့်တွေ လေးစားဖို့နဲ့ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို ကြံ့ကြံ့ခံနိုင်စွမ်းတွေကို ရဲရဲဝင့်ဝင့်ပြသခဲ့တယ်လို့လည်း ကနေဒါကဆိုပါတယ်။
ကနေဒါနိုင်ငံအနေနဲ့ အာဆီယံဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးတို့ရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ထောက်ခံတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်တပ်အနေနဲ့ တိုင်းရင်းသားတွေနဲ့ ဆယ်စုနှစ်တွေကြာဖြစ်နေတဲ့ ပဋိပက္ခတွေ၊ ရိုဟင်ဂျာအရေး၊ အာဏာသိမ်းမှုနဲ့ အရေးပေါ်အခြေအနေ ကြေညာတာတွေကို အဖြေရှာဖို့ လိုအပ်နေတယ်လို့လည်း ကနေဒါသံရုံးက ထုတ်ပြန်ထားပါတယ်။
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် တာဝန်ခံမှုရှိစေဖို့ လက်နက်နဲ့ ပစ္စည်းကိရိယာတွေ ရောင်းချ၊ လွှဲပြောင်းပေးတာတွေ ရပ်ဖို့၊ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့လည်း ကနေဒါက နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုထားပါတယ်။
စစ်တပ်ကလက်ခံကျင့်သုံးနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ်ကာလကို ကာကွယ်ရေးဦးစီးချုပ်က တစ်နှစ်တိတိ ရယူခွင့်ရှိပါတယ်။ နောက်ပြီး ပုဒ်မ ၄၂၅ အရ နောက်ထပ်ခြောက်လ နှစ်ကြိမ် အာဏာသိမ်းသက်တမ်း တိုးခွင့်ရှိနေပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက် အရေးပေါ်ကာလ တစ်နှစ်ကြေညာခဲ့ပြီး အဲဒီကတစ်ဆင့်ခြောက်လတစ်ကြိမ် သက်တမ်းတိုးမှု လေးကြိမ်အထိ ပြုလုပ်ထားပါတယ်။