နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ရေး မြန်မာ့ အမျိုးသမီးသမဂ္ဂ ဆုံးဖြတ်


2015.01.08

မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ဖို့အတွက် နိုင်ငံရေးလှုပ်ရှားမှု အဆင့်ဆင့်မှာ အမျိုးသမီးတွေ အင်တိုက်အားတိုက် ပါဝင် ဆောင်ရွက်ဖို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့ သတ္တမအကြိမ် ညီလာခံက ဆုံးဖြတ်ခဲ့ပါတယ်။

ထိုင်းမြန်မာ နယ်စပ်တစ်နေရာမှာ သုံးရက်ကြာ ကျင်းပခဲ့ပြီး ဇန်နဝါရီ ၇ ရက်နေ့က ပြီးဆုံးသွားတဲ့ ညီလာခံက ဆုံးဖြတ် ခဲ့တာတွေနဲ့ ပတ်သက်ပြီး မြန်မာ့ အမျိုးသမီး သမဂ္ဂအဖွဲ့ရဲ့ ကိုယ်စားပြုဦးဆောင် ကော်မတီဝင် ဥက္ကဌ ဒေါ်တင်တင်ညို က RFA ကို အခုလို ပြောဆိုပါတယ်။

"အဓိက ကတော့ ကျမတို့ တကယ့်အမျိုးသမီးတွေက အခုဆိုရင် အကြမ်းဖက်မှုတွေ မျိုးစုံခံနေ ရတယ်၊ အကာအကွယ်မဲ့နေတဲ့ ဘဝကနေမှ တကယ်တန်းပြောင်းလဲ နိုင်ဖို့ဆိုရင် ကျမတို့အမျိုးသမီးတွေ ကိုယ်တိုင်ကလဲ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ရှိဖို့လိုတယ်၊ သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချတဲ့ နေရာမှာရှိမှ မူပေါ်လစီအရပဲပြောပြော၊ နောက်လက်တွေ့ အကာအကွယ် ပေးတယ်ပဲပြောပြော အမျိုးသမီးတွေ အတွက် ရှေ့ကနေ မားမားမတ်မတ် လုပ်ဆောင်ပေးနိုင်တယ်လို့ ကျမတို့တွေက ယုံကြည်တယ်၊ မြင်လဲမြင် တယ်ပေါ့နော်၊ ဒါကြောင့်မိုလို့ ကျမတို့တွေက အဲ့ဒီဆုံးဖြတ်ချက်ကိုချတာ ဖြစ်ပါတယ်"

လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်စဉ်အပေါ် အပြောင်းအလဲတစ်ခုအဖြစ် အသိအမှတ်ပြုသူတွေ ရှိနေပေမဲ့ လက်တွေ့မှာတော့ တိုင်းရင်းဒေသတွေ အပါအဝင် နိုင်ငံ တဝှမ်းမှာအမျိုးသမီး တွေလူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ၊ စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ၊ အသက်၊ အိုးအိမ်၊ စည်းစိမ် ဆုံးရှုံးနေကြရတာ၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေ တိုးပွားလာနေပြီး၊ ဒါတွေကနေလွတ်မြောက်နိုင်ဖို့အတွက် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးတယ်လို့လည်း ဒေါ်တင်တင်ညို က ပြောပါတယ်။

မြန်မာ့အမျိုးသမီး သမဂ္ဂ ကို ဆက်လက်ဦးဆောင်သွားဖို့အတွက် ဦးဆောင်ကော်မတီ ၅ ဦးနဲ့ အတွင်းရေးမှူး အဖွဲ့ ၃ ဦးကို သတ္တမအကြိမ် ညီလာခံကနေ အသစ်ရွေးချယ် တင်မြှောက်ခဲ့ရာမှာ လူငယ်အမျိုးသမီးတွေ ပါဝင်ပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ သတ္တမအကြိမ်ညီလာခံနဲ့အတူ သမဂ္ဂဖွဲ့စည်းခြင်း နှစ် ၂၀ မြောက် အခမ်းအနားကိုလည်း ကျင်းပခဲ့ပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂကို ထိုင်း မြန်မာနယ်စပ်မှာ ၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။