ဧပြီလအတွင်း နိုင်ငံတစ်ဝန်း နေအိမ် လေးထောင်ခန့် မီးရှို့ခံရ
2024.05.03

နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီနဲ့ လက်အောက်အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် လေးထောင်ခန့် (၃,၉၆၀ လုံး) ဆုံးရှုံးခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ နေအိမ် ၁၅၀၀၊ မန္တလေးတိုင်းမှာ နေအိမ် ၁၂၂၀၊ စစ်ကိုင်းတိုင်းမှာ နေအိမ် ၉၉၇ လုံးနဲ့ မကွေးတိုင်းမှာ နေအိမ် ၂၂၉ လုံး ပါဝင်ပါတယ်။
ဘူးသီးတောင်မြို့မှာ မီးရှို့ခံရတဲ့ အိမ်အရေအတွက်ဟာ နှစ်ထောင်ကနေ သုံးထောင်ကြား ရှိနိုင်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောဆိုကြပေမယ့် Data For Myanmar က အနီးစပ်ဆုံး ခန့်မှန်းထားတာလို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့အထိ အချိန်သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ကိုးသောင်းနီးပါး (၈၈,၃၇၃) ရှိလာပြီလို့လည်း Data for Myanmar ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စစ်ကောင်စီကတော့ နေအိမ်မီးရှို့တာဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ယခင်က ငြင်းဆိုထားပါတယ်။