လာအိုမှာ မြန်မာအလုပ်သမားတစ်ရာနီးပါး ဖမ်းဆီးခံရ
2024.04.09

မြန်မာ-လာအိုနယ်စပ်က လာအိုနိုင်ငံဘက်ခြမ်းမှာ ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းက တရားဝင်နေထိုင်ခွင့်ကတ် မရှိတဲ့ မြန်မာနိုင်ငံသား တစ်ရာနီးပါးကို လာအို အာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ လာအိုရောက် မြန်မာတွေက RFA ကို ပြောပါတယ်။
ချင်ပါဖန်မြို့နယ်၊ ချင်မန်ဖန်မြို့နယ်၊ ဖော့ဆောင်မြို့နယ်ဈေးသစ်နဲ့ ကာစီနိုဝိုင်းတွေမှာပါ ဝင်ရောက် ဖမ်းဆီးခဲ့တာလို့ အမည်မဖော်လိုတဲ့ လာအိုရောက်မြန်မာတစ်ဦးက RFA ကို ပြောပါတယ်။
"Smart Card မရှိသူတွေအကုန်ဖမ်းတာ။ သင်္ကြန်အတွက်ဖမ်းတာလို့ ပြောတယ်။ အဖမ်းခံရမှာကြောက်လို့ ကျွန်တော်တို့လည်း မဲခေါင်မြစ်တစ်လျှောက်မှာ ပုန်းနေရတယ်။ ဖမ်းပြီးရင် ဒီဘက်ကမ်း (တာချီလိတ်) ဘက်ခြမ်းကို ပြန်လွှတ်မယ်လည်း ကြားတယ်။ ဒဏ်ငွေနဲ့ ရွေးခိုင်းမယ်လည်းကြားတယ်”
လာအိုမှာ နေထိုင်ခွင့်ကတ် လုပ်မယ်ဆိုရင် မြန်မာငွေနှစ်သိန်းခွဲကျော် ပေးဆောင်ရမှာဖြစ်ပြီး အလုပ်အကိုင် အဆင်မပြေတဲ့ အလုပ်သမားအများစုက နေထိုင်ခွင့်ကတ်မလုပ်ဘဲ တရားမဝင် နေထိုင်ကြတာ ပိုများတယ်လို့ သူက ဆိုပါတယ်။
လာအိုက မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ အသေးစိတ်အချက်လက်တွေသိနိုင်ဖို့ RFA က ဆက်လက်စုံစမ်းနေပါတယ်။
မြန်မာနိုင်ငံနဲ့ မဲခေါင်မြစ်ခြားထားတဲ့ လာအိုနိုင်ငံ နယ်စပ်တစ်လျှောက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ ကာစီနို၊ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ဈေးအရောင်းဆိုင်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ငါးသိန်းနီးပါး ရှိနေတယ်လို့ လာအိုရောက် မြန်မာတွေက ပြောပါတယ်။
လာအိုရောက် မြန်မာအလုပ်သမားဦးရေ အတိအကျကိုတော့ မြန်မာရော၊ လာအိုနိုင်ငံဘက်ကပါ တရားဝင်ထုတ်ပြန်ကြေညာထားတာ မရှိပါဘူး။