ဘုတလင်မှာ အရပ်သား ၁၅ ဦးခန့် ဆက်လက် ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အရပ်သား ၁၅ ဦးခန့် ဆက်လက် ဖမ်းဆီးခံထားရပြီး သူတို့ဟာ တပ်မ ၃၃ စစ်ကြောင်းနဲ့အတူ ဘုတလင်မြို့ပေါ်မှာ ရှိနေတယ်လို့ ဒေသခံတွေက RFA ကို နိုဝင်ဘာ ၁၇ ရက် ဒီနေ့မှာ ပြောပါတယ်။
အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) လက်အောက်ခံ အင်အားတစ်ရာကျော်ရှိတဲ့ တပ်မ ၃၃ စစ်ကြောင်းဟာ အောက်တိုဘာလကစပြီး ဘုတလင်မြို့နယ်က နှောပင်ရိုး၊ ကံသစ် အရှေ့ရွာ၊ ကံသစ်ရွာမ၊ ကံသစ်အနောက်ရွာ၊ ဆုံကုန်းစတဲ့ ရွာပေါင်း ဆယ်ရွာက အရပ်သား ငါးဆယ်ခန့်ကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် ဖမ်းဆီးထားသူတွေထဲက သုံးဆယ်ခန့် ပြန်လွတ်လာပြီး နောက်ထပ် ၁၅ ဦးခန့်ကတော့ အခုထိ မလွတ်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“သုံးဆယ်ကျော်လောက် ပြန်လွှတ်တယ်ပေါ့။ ဖမ်းသွားတာက သူတို့လက်ထဲ လက်ရှိစစ်ကြောင်းထဲမှာ အနည်းဆုံးရှိတာက လေးဆယ့်ငါးနဲ့ ငါးဆယ်အကြားမှာ ရှိတယ်။ ကျန်နေခဲ့တာ ၁၅ ယောက်လောက် အနည်းဆုံးကျန်ဦးမယ်လို့ ခန့်မှန်းရတယ်။ အဲဒီ ကျန်တဲ့အထဲမှာလည်း တချို့ သတ်ပစ်လိုက်တာတွေထဲ ပါသလား။ အဲဒါကို တိတိကျကျ မပြောနိုင်ဘူး”
ဖမ်းဆီးခံရတဲ့ အရပ်သားတွေထဲမှာ အမျိုးသမီး အများဆုံးပါဝင်နေပြီး စစ်ကြောင်းထိုးချိန်နဲ့ဆုံတဲ့ ခရီးသည်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကတော့ ဘုတလင်မှာဖမ်းဆီးထားတဲ့ အရပ်သား သုံးဆယ်ခန့်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ RFA ကို နိုဝင်ဘာ ၁၇ ရက် ဒီနေ့မှာ ပြောပါတယ်။
နောက်ထပ် ဖမ်းဆီးထားတဲ့သူတွေရဲ့ အခြေအနေကိုတော့ သူက တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။
ဘုတလင်မြို့နယ်ထဲမှာ တစ်လကျော်ကြာ စစ်ကောင်စီတပ်တွေ စီးနင်းပြီးနောက် ရွာပေါင်း ၁၁ ရွာက နေအိမ် ငါးရာခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒါ့အပြင် ဘုတလင်မြို့ အပါအဝင် စီပါ၊ အိုင်ပေါင်းချောင်၊ ကြုံးရွာ၊ ဝန်းတုန်၊ ကုက္ကိုလ်စု၊ မြောက်ကြည်၊ သားဖန်း၊ သပြေပင်စတဲ့ ရွာက အရပ်သား နှစ်ဆယ်ကျော်ကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။