၈၈ မျိုးဆက်တွေ အိုင်ယာလန်ငြိမ်းချမ်းရေး တည်ဆောက်ပုံကို လေ့လာ
2013.06.21
ဗြိတိန်နိုင်ငံကို လေ့လာရေးသွားနေတဲ့ ၈၈မျိုးဆက် ခေါင်းဆောင်တွေဟာ ဇွန်လ ၂ဝ နဲ့ ၂၁ ရက် နေ့တွေမှာ အိုင်ယာလန်နိုင်ငံ ဘဲလ်ဖတ်မြို့ကိုသွားပြီး ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့ပုံတွေ လေ့လာခဲ့ကြပါတယ်။
"လွန်ခဲ့တဲ့ ငါးနှစ်ကနေပြီးတော့မှ သူတို့ရတဲ့ သဘောတူညီချက်အပေါ်မှာ တည်ဆောက်ခဲ့တာကို ရှင်းပြတယ်၊ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကို ရှင်းပြပါတယ်၊ ကျွန်တော်တို့အရမ်းကို အတွေ့အကြုံအများကြီး ရပါတယ်"
ဇွန်လ၂ဝ ရက်နေ့ မနက်ပိုင်းမှာ အိုင်ယာလန်နိုင်ငံ အစိုးရအဖွဲ့က တရားရေးဝန်ကြီး David Ford ကို သွားရောက်တွေ့ဆုံနှုတ်ဆက်ပြီး၊ မြောက်အိုင်ယာလန်ရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့ပုံနဲ့ လက်ရှိအခြေအနေတွေကို ဆွေးနွေးမေးမြန်းခဲ့တယ်လို့ အဲဒီခရီးစဉ်မှာပါဝင်တဲ့ ကိုမြအေးက RFA ကိုပြောပါတယ်။
အဲဒီနောက် ပဋိပက္ခကာလအတွင်း ဆုံးရှုံးနစ်နာခဲ့ရတဲ့ ပြည်သူတွေကို ကုစားပေးခဲ့မှုတွေကို လေ့လာဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
သူတို့အဖွဲ့ဟာ အိုင်ယာလန်နိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့နဲလဲ တွေ့ဆုံခဲ့ပါတယ်။