ဥပဒေမဲ့ တံတားဖြတ်ခ တောင်းမှု

မကွေးတိုင်းတွင်းက တံတား ဖြတ်သန်းခတွေ အဆမတန် များနေတဲ့ အတွက် ကုန်သည်တွေနဲ့ မော်တော်ယာဉ် ပိုင်ရှင်တွေက နေပြည်တော်ကို ထပ်မံ တိုင်ကြားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

2011.07.13

ပထမ အကြိမ် တိုင်တန်းစဉ်က နေပြည်တော်က လာရောက် စစ်ဆေးခဲ့ပြီး မှန်ကန်ကြောင်း တွေ့ရှိရပေမဲ့ ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက်ပေးတာ မရှိဘူးလို့ သိရပါတယ်။ ဒီကိစ္စကို ဖြေရှင်းပေးဖို့ နိုင်ငံတော် သမ္မတထံ ကုန်သည်တွေနဲ့ မော်တော်ယာဉ် ပိုင်ရှင်တွေက ထပ်မံ တိုင်ကြားဖို့ စီစဉ်နေပါတယ်။

ဥပဒေအရ တံတား ဖြတ်သန်းခကို ကျပ် ၂၀၀ ထက်ပိုပြီး မကောက်ခံရဆိုတဲ့ သတ်မှတ်ချက် ရှိပေမဲ့ တံတားကြေး ကောက်ခံဖို့ ကန်ထရိုက် ရထားတဲ့ ကောင်းမွန် ကုမ္ပဏီက ပိုမို ကောက်ခံနေတယ်လို့ ယာဉ်ပိုင်ရှင် တဦးက ပြောပါတယ်။

"နေပြည်တော်က အင်ဂျင်နီယာချုပ်ပါတယ်။ မကွေးတိုင်းက အင်ဂျင်နီယာ ဦးအုန်းလွင်ပါတယ်။ တံတားကနေ ပြေစာတွေနဲ့ လယ်ဂျာစာရွက်တွေကို သိမ်းသွားရုံတင် မကဘူး၊ တံတားက လူတွေကို မေးတဲ့အခါမှာ ဟုတ်တယ်၊ သူတို့ ပိုကောက်နေတယ်လို့ ရဲရဲတင်းတင်းပဲ ထွက်ကြတယ်။ ထွက်တဲ့အတွက် ကန်ထရိုက်မှာ အပြစ်ရှိကြောင်း ထင်ရှားနေတယ်။ ဒီလိုမျိုး ဖြစ်လို့ရှိရင် ကန်ထရိုက် လုပ်ငန်းကြီးကို ပြန်သိမ်းလို့ ရတယ်ဆိုတာမျိုး ဦးအုန်းလွင်က ထွက်လာတယ်။ သူတို့က အရေးမယူတော့ နဂိုတိုင်တဲ့လူတွေက ထပ်တိုင်ဖို့ ကြိုးစားနေတယ်။"

အဲဒီ ကောင်းမွန် ကုမ္ပဏီက တံတားဖြတ်သန်းကြေး ကောက်ခံဖို့ ကန်ထရိုက် ရချိန်မှာ ယာဉ် အကြီးအသေး အလိုက် တံတား ဖြတ်ခ တသောင်း ရှစ်ထောင်အထိ ကောက်ခံတာကို ယာဉ်ပိုင်ရှင်တွေက မီဒီယာတွေက တဆင့် လူသိရှင်ကြား ပြောခဲ့တဲ့ အတွက် ကျပ် ၉၀၀၀ အထိ လျှော့ကောက်ခဲ့ပါတယ်။

ဒါကလည်း သတ်မှတ်ချက်ထက် များနေသေးတဲ့ အတွက် မီဒီယာကနေ ထပ်ပြောပြန်တဲ့အခါ ကျပ် ၆၀၀၀ ကောက်ခံတယ်လို့ သိရပါတယ်။

ဒါကြောင့် ရေနံချောင်း၊ ချောက်၊ ကျောက်ပန်းတောင်း စတဲ့ မြို့တွေက ယာဉ်ပိုင်ရှင်နဲ့ ကုန်သည်တွေက ဒီကိစ္စကို ဖြေရှင်းပေးဖို့ သမ္မတဆီကို ပြီးခဲ့တဲ့ လပိုင်းက တိုင်ကြားတာပါ၊။

နေပြည်တော်က လာရောက် စစ်ဆေးပြီးတဲ့နောက် ၁၂ ဘီးကားကို ၈၀၀၀၊ ၁၀ ဘီးကားကို ၆၀၀၀ နဲ့ ဘတ်စ်ကားကို ၃၅၀၀ နှုန်း ကောက်ခံမယ်လို့ ကုမ္ပဏီက ရေနံချောင်း မ-ထ-သ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီကို ဒီလဆန်းပိုင်းမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ယာဉ်ပိုင်ရှင်တွေက လက်မခံနိုင်ပဲ အခု အခါမှာ ထပ်မံ တိုင်ကြားဖို့ စီစဉ်နေကြတာလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။