လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ တံတားငါးစင်း မိုင်းခွဲဖျက်ဆီးခံရ

RFA Burmese
2024.06.29
လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ တံတားငါးစင်း မိုင်းခွဲဖျက်ဆီးခံရ နောင်ချိုမြို့ရှိ မိုင်းခွဲဖျက်ဆီးခံထားရသည့် တံတားတစ်စင်းကို တွေ့ရစဉ်။
Facebook/TNLA သတင်းနှင့် ပြန်ကြားရေး

လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ တံတားငါးစင်းကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဇွန်လ ၂၉ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၂၇ ရက်နေ့က လားရှိုး - မန်စံနဲ့ လားရှိုး - မန်ပွဲကို ဆက်သွယ်ထားတဲ့ တံတားနှစ်စင်းကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်သလို ဇွန်လ ၂၅ ရက်နေ့မှာလည်း မန်ပွဲရွာ၊ ဆွတ်လန်းတံတားနဲ့ မန်စံရေကျတံတားတို့ကို မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ လားရှိုးမြို့အထိ စစ်ပွဲရောက်မလာအောင် တံတားတွေနဲ့ လမ်းတွေကို မိုင်းခွဲ ဖျက်ဆီးနေတာလို့ TNLA က ပြောထားပါတယ်။

အခုလို မိုင်းခွဲဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ သွားရေးလာရေးနဲ့ ရိက္ခာသယ်ယူရေးပိုင်းတွေမှာ ခက်ခဲသွားတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဇွန်လ ၂၅ ရက်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့အပြင် မန္တလေးတိုင်းက မိုးကုတ်မြို့နဲ့ မတ္တရာမြို့တို့ကို TNLA နဲ့ မန္တလေးတိုင်း PDF အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲဆိုပြီး တိုက်ခိုက်နေတာပါ။

ဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်က ဆယ်စုနှစ်တစ်ခုအကြာ နောင်ချိုမြို့မှာတပ်စွဲထားတဲ့ ခမရ (၁၁၅) တပ်စခန်းကိုလက်လွှတ်ခဲ့ရပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေလည်း ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။