ကျင်သီတံတား ရေတိုက်စားလို့ လားရှိုး-မန္တလေး ခရီးစဉ်တွေ ယာယီပြတ်တောက်

RFA Burmese
2024.05.27
ကျင်သီတံတား ရေတိုက်စားလို့ လားရှိုး-မန္တလေး ခရီးစဉ်တွေ ယာယီပြတ်တောက် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နှင့် ကျောက်မဲမြို့ကြားမှ ကျင်သီယာယီတံတား ရေတိုက်စားသဖြင့် ပျက်စီးနေသည်အား ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နဲ့ ကျောက်မဲမြို့ကြားက ကျင်သီယာယီတံတား ရေတိုက်စားပြီး ကားတွေဖြတ်မရတော့တာကြောင့် လားရှိုး-မန္တလေး ခရီးစဉ်တွေ ယာယီပြတ်တောက်နေတယ်လို့ ဒေသခံတွေက မေလ ၂၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။

မေလ ၂၆ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ကျင်သီယာယီတံတား တိုင်တွေရေတိုက်စားပြီး တိမ်းစောင်းခဲ့တာပါ။ မေလ ၂၈ ရက်နေ့ ဒီမနက်မှာတော့ ကျင်သီတံတားကနေ ယာဉ်တွေဖြတ်သန်းလို့မရတဲ့အထိ ဖြစ်သွားတယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“တံတားက အောက်ခြေတိုင်တွေ စောင်းသွားတော့ လုံးဝမရတော့။ ရေထပ်တက်လာရင် ပိုဆိုးမယ်။ အခုလောလောဆယ်တော့ ဟိုက်ဘက်၊ ဒီဘက် လူနဲ့ ကုန်အချိန်းအပြောင်း လုပ်ပြီးသွားလို့ရသေးတယ်။ ဖြစ်နိုင်ရင် တံတားအဟောင်း အပေါ်ကနေ ကျောက်မီးသွေးဖို့ ပေးလိုက်ရင် သွားလာလို့ အဆင်ပြေနိုင်တာပေါ့”

၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၃ နိုဝင်ဘာလမှာ ကျင်သီတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး ပြန်လည်မပြုပြင်နိုင်သေးတာကြောင့် ခရီးသည်ကားတွေဟာ ယာယီ သစ်သားတံတားကနေ သွားလာနေကြတာပါ။

ဒီအပြင် လားရှိုး-မူဆယ် ယာယီလမ်းပေါ်က လားရှိုးနဲ့ သိန္နီမြို့အကြားမှာလည်း မိုးရွာပြီး မြေသားလမ်းချော်တာကြောင့် ခရီးသည်ယာဉ်ရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ မူဆယ်-လားရှိုးလမ်း ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“လားရှိုးကနေ သိန္နီလာတဲ့လမ်း မိုင်းလီရွာကွင်းလမ်းမှာ လမ်းအသစ်လုပ်ထားတာရှိတယ်။ အဲကနေ ပိတ်တော့တာပဲ။ မိုးက ဆက်တိုက်ရွာထားတော့လေ။ ဘယ်လိုမှ သွားလို့မရဘူး။ ကားအစီးရေ တစ်ရာကျော်လောက် ပိတ်နေတာ အဲမှာ။ နေပွင့်ဖို့ပဲ ဆုတောင်းနေရတာ”

၁၀၂၇ စစ်ဆင်ရေး ပြီးကတည်းက မူဆယ်- လားရှိုး ပြည်ထောင်စုလမ်းမကြီကို ဒီနေ့အထိ ပြန်မဖွင့်နိုင်သေးပါဘူး။ စစ်ကောင်စီဘက် လားရှိုးကနေ သိန္နီ-မူဆယ်ဘက်ထွက်တဲ့ လမ်းတွေကို ပိတ်ထားသလို စားသောက်ကုန် သယ်ယူခွင့်တွေကိုလည်း ကန့်သတ်ထားတဲ့အတွက် ခရီးသည်တင်ကားတွေဟာ ကွင်းလမ်းလို့ခေါ်တဲ့ တောလမ်းတွေကနေ သွားနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ တရုတ်ရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်ထားပြီး နယ်စပ်ကုန်သွယ်ရေး ပြန်လည်ပတ်နိုင်ဖို့ ဆွေးနွေးနေကြပေမယ့် ဒီနေ့အထိ အကောင်အထည်ပေါ်မလာသေးသလို မိုင်းခွဲခံထားရတဲ့ တံတားတွေလည်း ပြန်လည်ပြုပြင်နိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။