ရန်ကုန်-မော်လမြိုင်လမ်းမှာ တံတားမိုင်းခွဲခံရပြီး ကားတွေ ပိတ်မိနေ
2024.07.17

မွန်ပြည်နယ်၊ သထုံမြို့နယ်က ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမှာရှိတဲ့ ကရင်လေးဆိပ်တံတား မိုင်းကွဲလို့ပြိုကျနေတဲ့အတွက် ကုန်တင်ကားနဲ့ ခရီးသည်တင်ယာဉ် အစီးတစ်ရာလောက် ပိတ်မိနေတယ်လို့ ဒေသခံတွေက ဒီနေ့ မနက်ပိုင်းက RFA ကို ပြောပါတယ်။
မနေ့ညပိုင်းက မိုင်းပေါက်ကွဲတာဖြစ်ပြီး တံတားပျက်စီးတာကို ဒီနေ့မနက်မှ သိကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကားသေးတွေက ကရင်လေးဆိပ် ရွာဘက်ကနေဝင်ပြီး ရွာလမ်းအတိုင်းသွားလာလို့ရပေမဲ့ ကားကြီးတွေက သွားလို့မရပဲ ပိတ်မိနေတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရန်ကုန်ကလာတဲ့ ကားတွေလည်း ဖြတ်မရပါဘူး။ ဘားအံဘက်က သွားမယ့်ကားတွေလည်း စောင့်ဆိုင်းနေရတယ်။ ကရင်လေးဆိပ်ကနေ ဖြတ်ရင်တော့ ရွာလမ်းလေးရှိတယ်။ အဲဒီကနေ ကားသေးတွေကတော့ လမ်းကြောင်းသိတဲ့ ကားဆရာဆိုရင် သွားလာတာရှိတယ်။ တော်တော်များများကတော့ စောင့်နေကြတယ်”
အဲဒီ တံတားဟာ ကွန်ကရစ် တံတားဖြစ်ပြီး အရှည် ၁၀ ပေ၊ အကျယ် ၅၄ ပေလောက်ရှိပါတယ်။ အခုဖြစ်ရပ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကမှ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းဆက်တဲ့အခါ ဖုန်းကိုင်ပေမယ့် ပြန်မဖြေဘဲ ချသွားပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း အဲဒီနားက ကျုံအိတ်တံတားနဲ့ မစောတံတား မိုင်းခွဲဖျက်ဆီးခံရပါတယ်။ မစောတံတား မေလ ၂၃ ရက်နေ့က မိုင်းခွဲခံရပြီးတဲ့နောက် တံတားကျိုးနေတာကို သတိမထားမိဘဲ မော်တော်ဆိုက်ကယ်နဲ့ ဖြတ်သန်းမိတဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဘီးလင်းမြို့အဝင်က ကျုံအိတ်တံတားလည်း မေ ၁၁ ရက်နေ့က မိုင်းခွဲဖျက်ဆီးခံရပြီး ကုန်သွယ်ရေးလမ်းကြောင်းတွေ ယာယီပြတ်တောက်ခဲ့ပါတယ်။