ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား မိုင်းဆွဲဖျက်ဆီးခံရတာကြောင့် လမ်းပိတ်နေ

RFA Burmese
2024.05.11
ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား မိုင်းဆွဲဖျက်ဆီးခံရတာကြောင့် လမ်းပိတ်နေ မိုင်းဆွဲဖျက်ဆီးခံရသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့အနီးရှိ ကျုံအိတ်တံတားကို ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်-မော်လမြိုင်ကားလမ်မပေါ် မွန်ပြည်နယ်၊ ဘီးလင်းမြို့အနီးမှာရှိတဲ့ ကျုံအိတ်တံတား မေလ ၁၁ ရက်နေ့ မနက်အစောပိုင်း မိုင်းဆွဲဖျက်ဆီးခံလိုက်ရတာကြောင့် သွားလို့မရတော့ဘဲ လမ်းပိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျုံအိတ်တံတား မိုင်းဆွဲဖျက်ဆီးခံလိုက်ရတာကြောင့် ခရီးသည်ကားနဲ့ ကုန်ကားတွေ သွားလာလို့မရတော့ဘဲ အားလုံးရပ်နားထားရတယ်လို့ ဆိုပါတယ်။

ဘယ်အဖွဲ့က မိုင်းဆွဲဖျက်ဆီးလိုက်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘီးလင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဲဒီ တံတားကျိုးသွားတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဘယ်အဖွဲ့က ဘယ်လိုလုပ်လိုက်တယ်ဆိုတာတော့ မသိရသေးဘူး။ ထားဝယ်မှာရှိတဲ့ ကျွန်တော့်ညီမတစ်ယောက်တောင် ရန်ကုန်တက်လာဖို့ကို ခရီးစဉ်ကို ဖျက်လိုက်ရတယ်ပေါ့"

အဲဒီတံတားအနီးတစ်ဝိုက်မှာ အခုရက်ပိုင်း တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ မိုင်းဆွဲဖျက်ဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီအခြေနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ ဥပဒေရုံးဝန်ထမ်းနဲ့ ရဲတပ်သားတွေပါလာတဲ့ ကားနှစ်စီး အဲဒီတံတားပေါ်မှာ မိုင်းဆွဲခံရတာကြောင့် ဥပဒေရုံးဝန်းထမ်းတစ်ဦး သေဆုံးခဲ့ပြီး ရဲတပ်သားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။