လှေစီးဒုက္ခသည်အရေး မြန်မာကို လက်ညှိုးမထိုးကြဖို့ သတိပေးပြောကြား


2015.05.29
boat-refugees-meeting-620 ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေလ ၂၉ ရက်နေ့ကကျင်းပခဲ့တဲ့ ရွှေ့ပြောင်းသူတွေ အရေး နိုင်ငံတကာဆွေးနွေးပွဲကို တွေ့ရစဉ်
Photo:Pimuk/ RFA

အရှေ့တောင်အာရှနိုင်ငံတွေမှာ လတ်တလောကြုံတွေ့နေရတဲ့ လှေစီးဒုက္ခသည်ပြဿနာကို မြန်မာနိုင်ငံတစ်ခုတည်း ကိုရွေးပြီး လက်ညှိုးထိုးပြစ်တင်ပြောဆိုခြင်း မပြုကြဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့ကျင်းပခဲ့တဲ့ ရွှေ့ပြောင်း သူတွေအရေး နိုင်ငံတကာဆွေးနွေးပွဲမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က သတိပေးပြောကြားလိုက် ပါတယ်။

လှေစီးဒုက္ခသည်ပြဿနာ တိုက်ရိုက်သက်ရောက်မှုရှိတဲ့ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေပါဝင်တဲ့ ၁၇ နိုင်ငံအစည်းအဝေးမှာ မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထင်လင်းက အခုလို ပြောကြားခဲ့တာပါ။

“အချုပ်အခြာအာဏာရှိတဲ့ နိုင်ငံတိုင်းမှာ စိန်ခေါ်မှုအခက်အခဲတွေရှိပြီး၊ တချို့အခက်အခဲတွေဟာ နိုင်ငံတွင်း ကိစ္စဖြစ်ကြောင်း၊ လက်ညှိုးထိုးအပြစ်တင်ပုံချပြောဆို တာဟာ ပြဿနာကို ဖြေရှင်းရာမရောက်ကြောင်း၊ လှေစီး ဒုက္ခသည်ပြဿနာအကြောင်းရင်းဇစ်မြစ်ဟာ လူမှောင်ခိုကြောင့်ဖြစ်ကြောင်း” ဦးထင်လင်းက ပြောသွားခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို IOM နိုင်ငံတကာရွှေ့ပြောင်းသူများကူညီရေးအဖွဲ့၊ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ရိုဟင်ဂျာ ဆိုတဲ့အမည်ကို မသုံးစွဲဖို့ မြန်မာက ကြိုတင်ပြောဆိုထားတဲ့အတိုင်း၊ ဆွေးနွေးသူတွေ က အဲဒီအမည်ကို ရှောင်ရှားခဲ့ကြကြောင်း သတင်း တွေမှာဖေါ်ပြကြပါတယ်။

ဆွေးနွေးပွဲမှာ လှေစီးဒုက္ခသည်ပြသနာရဲ့အရင်းအမြစ်တွေကို ရှာဖွေဖို့၊ မြန်မာနိုင်ငံ အနေနဲ့ UNHCR ၊ IOM စတဲ့အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံမေးမြန်းခွင့်ပြုဖို့ စတဲ့ အချက်တွေ သဘောတူညီခဲ့ကြပါတယ်။

တက်ရောက်လာသူအများကပြောဆိုတိုက်တွန်းနေကြတဲ့ လှေစီး ဒုက္ခသည် ပြသနာရဲ့အရင်းအမြစ်ကိစ္စနဲ့ပတ်သက် ပြီး ဖြေရှင်းဆောင်ရွက်ကြဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူညီခဲ့ကြပါတယ်။ ဒါပေမဲ့ သောကြာနေ့ ဆွေးနွေး ပွဲကနေ အဓိကကျ တဲ့ ဖြေရှင်းပုံ ဖြေရှင်းနည်းတွေ ထွက်ပေါ်မလာသေးဘဲ၊ သဘောတူညီချက်တွေဟာ လည်း အကြမ်းသဘောသာဖြစ်ပြီး နောက်ထပ် ဆက်လက် ဆွေးနွေးပြောဆိုကြရဦး မှာဖြစ်ကြောင်း၊ AP သတင်း ကဖေါ်ပြပါတယ်။

ဒီအတွင်း ပင်လယ်ပြင်မှာ ကျန်ရှိနေဦးမယ့် ဒုက္ခသည်တွေကို ရှာဖွေ ကယ်ဆယ်ရေး အတွက် အမေရိကန် ပြည်ထောင်စုက ရှာဖွေရေးလေယာဉ်တွေ စေလွှတ် မှာဖြစ်ပြီး၊ အဲဒီအတွက် ထိုင်းနိုင်ငံမှာ ယာယီ လေတပ်စခန်းတစ်ခု ဖွင့်ခွင့်ပြုမှာဖြစ်ပါတယ်။

ဒုက္ခသည်တွေအတွက် နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာ အဖွဲ့ IOM က အမေရိကန်ဒေါ်လာ၂၇ သန်း တောင်းဆိုထားရာမှာ အမေရိ ကန်ပြည်ထောင်စုက ဒေါ်လာ ၃ သန်း၊ သြစတြေးလျက ဒေါ်လာ ၅ သန်း ထည့်ဝင်မယ်လို့ သိရပါတယ်။ ဂျပန်ကလည်း ထည့်ဝင်ကူညီမယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။