ဒီးမော့ဆို၊ လွိုင်ကော်နဲ့ ဖရူဆို တို့မှာ နှစ်သစ်ကူးကာလအတွင်း တိုက်ပွဲတွေဖြစ်
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆို မြို့မရဲစခန်းနဲ့ ကပ်ရပ် ဘုရားစေတီဝိုင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဇန်နဝါရီ (၁) ရက် ညနေ လေးနာရီခွဲလောက်က PDF၊ KNDF နဲ့ (KA) ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ၊ စစ်ကောင်စီ တပ်သား ငါးယောက် သေဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
လွိုင်ကော် နဲ့ ဖရူဆိုမြို့နယ်တွေထဲမှာလည်း တိုက်ပွဲတွေဖြစ်နေပြီး ဒီဇင်ဘာ (၃၁) ရက် ဒီးမော့ဆိုမြို့ တိုက်ပွဲမှာတော့ KNDF တပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဒီးမော့ဆိုမြို့ပေါ် ငွေတောင်ဆည်အနီးနဲ့ မြို့မရဲစခန်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော် (KA)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်မတော် (KNDF) နှင့် ဒေသကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲ တိုက်ခိုက် ခဲ့တယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့ပေါ်နဲ့ အနီးဝန်းကျင် ရွာပေါင်း ၃၀ ကျော်က ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KnHRG အဖွဲ့က ပြောပါတယ်။
တိုက်ပွဲတွင်း ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ဒီးမော့ဆို၊ လွိုင်ကော် နဲ့ ဖရူဆိုမြို့နယ်တွေထဲမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ရေးအရှိန် မြင့်လာနိုင်တာမို့ ဒီရက်ပိုင်း ပြည်သူတွေ ခရီးသွားလာတာတွေ မလုပ်ကြဖို့ KNDF က သတိပေးထားပါတယ်။