တန့်ဆည်မြို့နယ် ကာပေါင်းကျရွာမှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ်

2022.01.03
တန့်ဆည်မြို့နယ် ကာပေါင်းကျရွာမှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ် စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကာပေါင်းကျရွာကို တွေ့ရစဉ်
Photo: Taze Media Page

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကာပေါင်းကျရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ၁၇ ယောက် သေဆုံးပြီး PDF ဘက်က တစ်ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဇန်နဝါရီ ၁ ရက် ညနေပိုင်းက ကာပေါင်းကျရွာကို အင်အားတစ်ရာကျော်နဲ့ စစ်ကောင်စီတပ်သားတွေ ဝင်လာပြီး ရွာပါ မီးရှို့ခံရလို့ PDF တပ်တွေက ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်လို့ တန့်ဆည်မြို့နယ် PDF တပ်ဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။

"ဒီရွာကို သူတို့ ဝင်စီးတာ ဆယ်ကြိမ်လောက်ရှိပြီ။ ရှစ်ကြိမ်လောက် မီးရှို့ခံရတော့ မခံနိုင်လို့ ဝင်တိုက် ကြတာ၊ အခုလည်း ရွာကနေ ထွက်မသွားကြသေးဘူး။ ရွာပြင်မှာလည်း ကင်းပတ်နေတယ်"

ဒီဇင်ဘာလ ၂ ရက် မနေ့မနက်ပိုင်းကလည်း စစ်ကောင်စီတပ်သားတွေက ကာပေါင်းကျရွာ အရှေ့ပိုင်းကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၅ လုံးနဲ့ ဆန်စက်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ရက်တာဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၇ ယောက်သေဆုံးပြီး ဒေသခံ PDF ဘက်က တစ်ယောက်သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ကြိုးစားနေပါတယ်။

ကာပေါင်းကျရွာသားတွေကတော့ ဇန်နဝါရီလ ၁ ရက် ညနေပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်လာကတည်း က ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။