ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ်ဖို့ ကန့်သတ်ချက်တချို့ ဖြေလျှော့

RFA Burmese
2024.07.15
ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ်ဖို့ ကန့်သတ်ချက်တချို့ ဖြေလျှော့ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ KBZ ဘဏ်ခွဲတစ်ခုတွင် ငွေထုတ်ယူရန် တန်းစီစောင့်ဆိုင်းနေကြသူများအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဘဏ်တွေမှာ ငွေသားထုတ်ယူမှုတွေအတွက် အထူးအပ်နှံငွေသားအကောင့် (Special Account) ကို ဇူလိုင်လ ၁၅ ရက်နေ့ကစလို့ ငွေကျပ် ဆယ်သိန်းကနေ သိန်းတစ်ရာအထိ ထုတ်ပေးတယ်လို့ ငွေထုတ်ယူသူတွေက ပြောပါတယ်။

ပုဂ္ဂလိကဘဏ်တွေကနေ ငွေသားထုတ်ယူမှုကို ကန့်သတ်မထားဘူးလို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်က ဇူလိုင်လ ၁၁ ရက်နေ့ထုတ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေကတစ်ဆင့် ပြောဆိုပြီးနောက် အခုတစ်ပတ်ထဲမှာပဲ ငွေသားထုတ်ယူမှု ကန့်သတ်ချက်ကို ဖြေလျှော့ခဲ့တာပါ။

ဘဏ်ငွေ ထုတ်ယူတဲ့အခါ တစ်သောင်းကျပ်တန် ငွေစက္ကူအသစ်တွေ အများအပြား ပါဝင်လာတယ်လို့လည်း ငွေထုတ်ယူသူတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ကမ္ဘောဇဘဏ် အသုံးပြုသူတစ်ဦးကတော့ အထူးအပ်နှံငွေသားအကောင့် (Special Account) ကနေ အပ်နှံငွေ အချိုးအစားအလိုက် ကျပ်သိန်းတစ်ရာအထိ ထုတ်ပေးတယ်လို့ RFA ကို ပြောပါတယ်။

“ငွေစက္ကူအသစ်တွေတော့ ပါတယ်။ လိုသလောက်ထုတ်လို့ရတာတော့ မဟုတ်သေးဘူး။ ထုတ်လို့ရတဲ့ ပမာဏများလာတာ။ အရင်တစ်ပတ်ကနဲ့စာရင် ပိုထုတ်လို့ရလာတယ်”

ပြီးခဲ့တဲ့အပတ်က ငွေထုတ်ယူဖို့ တစ်ရက်ကို ကျပ်နှစ်သိန်းကနေ ငါးသိန်းအထိပဲ ပုဂ္ဂလိကဘဏ်တွေမှာ ထုတ်ခွင့်ရခဲ့တာပါ။

ပြည်တွင်းက အိမ်ရာချေးငွေကို စစ်ကောင်စီရဲ့ ဗဟိုဘဏ် သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဂ္ဂလိကဘဏ် ခုနစ်ခုနဲ့ ဗဟိုဘဏ်က တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီနောက် ပြည်သူတွေက ဘဏ်တွေရဲ့ ရပ်တည်နိုင်အမှုအပေါ် စိုးရိမ်ခဲ့ပြီး အပ်နှံငွေသားတွေ ထုတ်ယူမှု များပြားလာခဲ့တာပါ။

စစ်ကောင်စီ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌကတော့ ဘဏ်တွေမှာ ငွေထုတ်ယူမှု များပြားလာတာဟာ မီဒီယာတွေနဲ့ မသမာတဲ့ စီးပွားရေးသမားတွေရဲ့ လှုံ့ဆော်မှုတွေကြောင့်လို့ စွပ်စွဲခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။