ကျပ်နှစ်သောင်းတန်ကြောင့် ငွေကြေးမဖောင်းပွနိုင်ကြောင်း စစ်ကောင်စီပြော

RFA Burmese
2023.07.24
ကျပ်နှစ်သောင်းတန်ကြောင့် ငွေကြေးမဖောင်းပွနိုင်ကြောင်း စစ်ကောင်စီပြော ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်ကောင်စီ စတင်ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူသစ် နမူနာပုံစံ
Photo: MWD

ငွေကျပ်နှစ်သောင်းတန် အသစ်ထပ်မံထုတ်တာဟာ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ကြောင်း စစ်ကောင်စီက ဇူလိုင် ၂၄ ရက်နေ့က ပြောလိုက်ပါတယ်။

အသစ်ထုတ်မဲ့ ငွေစက္ကူနှစ်သောင်းတန်ဟာ အလုံးအရင်းနဲ့ ထုတ်မှာမဟုတ်တဲ့အပြင် ငွေစက္ကူအဟောင်းတွေနဲ့ ပြန်လဲမှာဖြစ်တာကြောင့် ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV ကနေ ပြောဆိုလိုက်တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ နှစ်သောင်းတန်ငွေစက္ကူထုတ်တာကြောင့် မြန်မာငွေတန်ဖိုးကျသွားနိုင်တယ်လို့ ပြောထားသလို စီးပွားရေးလေ့လာသူတွေကလည်း ငွေကြေးဖောင်းပွမှုဖြစ်ပြီး ပြည်သူတွေ အခက်အခဲဖြစ်မယ်လို့ ဝေဖန်ထားပါတယ်။

နှစ်သောင်းကျပ်တန်ထုတ်မယ်လို့ စစ်ကောင်စီက မထုတ်ပြန်ခင်မှာ ပြင်ပဒေါ်လာဈေးဟာ အမေရိကန်တစ်ဒေါ်လာကို ၃၂၀၀ ကျပ်ဝန်းကျင်ရှိနေရာကနေ မနေ့က ဇူလိုင် ၂၄ ရက်နေ့မှာ ပုံမှန်ဈေးဖွင့်ရောင်းသူမရှိတော့ဘဲ ကြိုက်ရောင်း၊ ကြိုက်ဝယ်ပုံစံနဲ့ တစ်ဒေါ်လာကို ၃၅၀၀ ကျပ်ဝန်းကျင်လောက်နဲ့ ရောင်းဝယ်နေကြပါတယ်။

အလားတူ ရွှေဈေးလည်းတက်နေပြီး ဈေးမငြိမ်တာကြောင့် အရောင်းပိတ်ထားတယ်လို့ မန္တလေးမြို့မှာ ရွှေဆိုင်ဖွင့်ထားသူတစ်ဦးက ပြောပါတယ်။

မီဒီယာတချို့က ကောလဟလသတင်းတွေထုတ်လွှင့်တာကြောင့် ရွှေဈေးနဲ့ဒေါ်လာဈေးတွေတက်သွားတဲ့ အပြင် ကုန်ဈေးနှုန်းဈေးတွေပါတက်သွားတာလို့ စစ်ကောင်စီက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။