ဖြူးမှာ လက်နက်ကြီးကြောင့် ရဟန်းတစ်ပါး ပျံလွန်၊ ခုနစ်ဦး ထိခိုက်
2024.08.26

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရဟန်းတစ်ပါး ပျံလွန်တော်မူပြီး လူခုနစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဩဂုတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ ဩဂုတ်လ ၁၇ ရက်ကနေ ၁၉ ရက်အထိ သုံးရက်ကြာ တိုက်ပွဲဖြစ်ခဲ့တာပါ။
တိုက်ပွဲစတင်တဲ့ ဩဂုတ်လ ၁၇ ရက်နေ့က စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၄၃၉) က ပစ်ခတ်တဲ့ လက်နက်ကြီးဟာ အင်ပင်သာရွာ ဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲတာကြောင့် ရဟန်းတစ်ပါး ပျံလွန်တော်မှုပြီး ကိုရင်တစ်ပါးနဲ့ ရွာသားတစ်ဦး ထိခိုက်ပါတယ်။
တိုက်ပွဲပြီးသွားချိန် ဩဂုတ်လ ၂၁ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၉၉) ကပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီးနှစ်လုံး ကျွန်းတောကျေးရွာက စာသင်ကျောင်းအနီးကျရောက်ပေါက်ကွဲတာကြောင့် ကျောင်သားနှစ်ဦးနဲ့ ကျောင်းသူ သုံးဦး စုစုပေါင်း ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီး ပစ်ခတ်တာကြောင့် ဖြူးမြို့နယ်က ကုန်းအင်း (တောင်)၊ ကုန်းအင်း (အနောက်)၊ ကုန်းအင်း (အရှေ့)၊ ဆက်ကုန်း ၊ ဆင်တဲကုန်းနဲ့ သပြေခင်ရွာက ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ စီးပွားရေး ဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီကတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကနေ ၂ဝ၂၄ ခုနှစ် မေလအထိ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် ရှိလာပြီဖြစ်ပါတယ်။