ဖြူးမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး အပါအဝင် သုံးဦးသေဆုံး

RFA Burmese
2024.05.30
ဖြူးမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး အပါအဝင် သုံးဦးသေဆုံး ဖြူးမြို့နယ်၊ ဥသျှစ်ခင် (အနောက်) ရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရသူများအား ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Myanmar National Post

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဥသျှစ်ခင် (အနောက်) ရွာမှာ မေလ ၂၈ ရက် ညနေက လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကလေးတစ်ဦး အပါအဝင် သုံးဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ  အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၁၈ နှစ်အရွယ် မအိအိစိုးနဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်နွဲ့တို့ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့လက်နက်ကြီးဟာ နေအိမ်ထဲကျရောက်ပေါက်ကွဲလို့ ဒေသခံတွေ ထိမှန်သေဆုံးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖြူးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်တပ်ဘက်လှမ်းပစ်တာ ဥသျှစ်ခင်ဘက်ကို သုံးလုံးကျတယ်။ အင်ပင်သာဘက်ကို လေးလုံးလောက်ကျတယ်။ ဥသျှစ်ခင်မှာကျတော့ တစ်နေရာတည်းမှာပဲ မိသားစုဝင်နှစ်ဦးက ပွဲချင်းပြီးတယ်။ တစ်ဦးကတော့ ဆေးရုံရောက်မှ သေတာ”

ဒီပစ်ခတ်မှုဟာ ကညွတ်ကွင်းအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၃၉ ကနေ ၈၁ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီရွာတွေကို မကြာခဏလက်နက်ကြီးနဲ့ ပစ်လေ့ရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။

စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ KNU/PDF ဘက်က လုပ်ဆောင်ခဲ့တာလို့ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ လက်နက်ကြီးဟာ စစ်ကောင်စီဘက်က ပစ်ခတ်တာ မဟုတ်ကြောင်းနဲ့ KNU/PDF အဖွဲ့ဘက်က စစ်တောင်းမြစ်ကမ်းတစ်လျှောက် နယ်မြေတွေထဲဝင်လာပြီး အရပ်သားတွေ နေထိုင်တဲ့ ရွာတွေထဲ ဒရုန်းဗုံးနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေရှိနေတာလို့ RFA ကို ပြောပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဧပြီလအထိ လေးလအတွင်းမှာ သေဆုံးသူ ၅၁၄ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူက ၁၁၅၂ ဦးအထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။