ပဲခူးမှာ ရေကြီးလို့ လူတစ်သောင်းဝန်းကျင် အရေးပေါ် ပြောင်းရွှေ့ရ

RFA Burmese
2023.10.08
ပဲခူးမှာ ရေကြီးလို့ လူတစ်သောင်းဝန်းကျင် အရေးပေါ် ပြောင်းရွှေ့ရ ပဲခူးမြို့ပေါ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနေမှုအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Myanmar Fire Services Department

ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှာ မိုးအဆက်မပြတ်ရွာပြီး မြစ်ရေကြီးမှုကြောင့် အောက်တိုဘာလ ၈ ရက် ဒီကနေ့မနက်ကစလို့ လူတစ်သောင်းဝန်းကျင် ပြောင်းရွှေ့နေရတယ်လို့ ပဲခူးမြို့ အခြေစိုက် လူမှုကူညီရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

ပဲခူးမြို့ပေါ်က ကျွန်းသာယာ၊ မဇင်း၊ ကလျာဏီ၊ ဇိုင်းတောင်၊ ကျောက်ကြီးစု၊ မြို့သစ် ရပ်ကွက်တွေမှာ ဒီမနက် ၆ နာရီဝန်းကျင်ကစလို့ ရေကြီးနစ်မြုပ်မှုရှိနေတာကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

ပဲခူးမြို့အခြေစိုက် မေတ္တာစမ်းရေ လူမှုကူညီရေးအသင်းရဲ့ ခေါင်းဆောင်တစ်ဦးကတော့ တချို့ရပ်ကွက်တွေမှာ လူတစ်ရပ်အထိ ရေမြုပ်နေပြီလို့ ပြောပါတယ်။

"ရပ်ကွက်လမ်းထဲမှာဆိုရင် လူတစ်ရပ်မြုပ်သွားပြီ။ ခြေတံရှည်အိမ်တွေ အောက်ပိုင်း မြုပ်သွားပြီ။ မိုးက ရွာနေတုန်းပဲ။ ဂေါင်းဆေးကျွန်း၊ ကျွန်းသာယာ၊ ဘုရားကျောင်း ရှေ့တွေဆို ကားလမ်းပေါ်ရေက ပေါင်အလယ်လောက်ရှိသွားပြီ။ လူဦးရေ တစ်သောင်းပတ်ချာလည်လောက်ရှိမယ်"

ရေကြီးနစ်မြုပ်မှုတွေဟာ ဒီနေ့ နေ့လယ်ပိုင်းအထိ ကျွန်းသာယာ၊ ဂေါင်းဆေးကျွန်း၊ စက်ပိုင်း၊ ရေကျော်၊ ဇိုင်းတောင်၊ ဇိုင်းမြောက်၊ မုန်တိုင်းရွာ၊ ကျော်တွင်းကုန်း၊ ကျောက်ကြီးစု၊ ရွာသစ်၊ ရပ်ကွက်၊ ရွှေသာလျောင်း လမ်းမ၊ မဟာစေတီ စတဲ့ ရပ်ကွက်တွေမှာလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးစခန်းနဲ့ ဘုန်းကြီးကျောင်းတွေဆီကို ဌာနဆိုင်ရာ၊ မီးသတ်၊ အရန်မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအဖွဲ့တွေက ရွှေ့ပြောင်းပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လေးဆွေကတော့ ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတယ်လို့ RFA ကို ပြောပါတယ်။

ပဲခူးအခြေစိုက် လူမှုကူညီရေးအဖွဲ့တွေရဲ့ ပြောဆိုချက်အရ လက်ရှိရေကြီးနစ်မြုပ်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လက ရေကြီးနစ်မြုပ်မှုထက် ပိုဆိုးပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်မှာတော့ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ရဲ့အထက် တစ်ပေခွဲအထိရောက်နေပြီး မြေနိမ့်ပိုင်းနေထိုင် သူတွေ ရွှေ့ပြောင်းကြဖို့ သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။