ဖြူးမြို့နယ်မှာ ရေဘေးအတွက် ရိက္ခာအကူအညီတွေ တားမြစ်ခံရ

RFA Burmese
2024.09.17
ဖြူးမြို့နယ်မှာ ရေဘေးအတွက် ရိက္ခာအကူအညီတွေ တားမြစ်ခံရ ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာများရေကြီးနစ်မြုပ်နေသည်အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်က တွေ့ရစဥ်။
Citizen Photo

ပဲခူးတိုင်း ဖြူးမြို့နယ်က ရေဘေးသင့်သူတွေအတွက် လာရောက်ကူညီပေးနေသူတွေကို စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေကနေ တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ဆန်နဲ့ဆေးဝါးတွေကို သယ်ယူခွင့်မပေးဘူးလို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက RFA ကို စက်တင်ဘာလ ၁၇ ရက် ဒီနေ့မှာ ပြောပါတယ်။

ဖြူးမြို့နယ်မှာ စစ်တောင်းမြစ်ဘေးက ရွာပေါင်းသုံးဆယ်နီးပါး ရေဝင်နစ်မြုပ်နေပြီး အဲဒီဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိက္ခာပို့ဆောင်ရာမှာ စစ်ဆေးမေးမြန်းပြီး တားမြစ်နေတာလို့ ကူညီပေးနေသူတစ်ဦးက RFA ကိုပြောပါတယ်။

“ဒီဘက် PDF စိုးမိုးနယ်မြေဖြစ်နေတာ့ တချို့အလှူရှင်က ဒီဘက်ကို ၀င်လာပြီး ပစ္စည်းပို့ချင်တာကို စစ်ကောင်စီဘက်က အဖြတ်မခံဘူး။ အဓိက ဆန်နဲ့ဆေးနဲ့ဆိုရင် လုံး၀အတင်မခံဘူး။ ကညွတ်ကွင်း လမ်းကြောင်းဆိုရင် ဒီဘက်ထဲကို ကူညီကယ်ဆယ်ရေးလာဖို့ ကိုခွင့်မပြုဘူး။ အခုဆိုရင် ကညင်တိုင်း၊ ဆေးရိုးကုန်း၊ င်္ဘောကျွန်းဆိုရင်လည်း မြုပ်သွားပြီ။ အဲတော့ ဒီလိုနေရာတွေကို ရိက္ခာတွေကို လှူတဲ့သူရှိပေမဲ့ စစ်ကောင်စီက ဖြတ်ခွင့်မပေးတဲ့အတွက် အဆင်မပြေဘူးဖြစ်နေတယ်”

ရေဘေးသင့်သူတွေကို ရိက္ခာပို့ဖို့ လာတဲ့သူတွေကိုလည်း စစ်ကောင်စီရဲ့ ကညွတ်ကွင်းအခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၄၃၉ တပ်စခန်းနဲ့ ဘန်းလောင်နဲ့ ဖြူးလမ်းကြောင်းပေါ်မှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းက တားမြစ်ထားလို့ ပြန်လှည့်သွားခဲ့ရတယ်လို့ ကူညီပေးနေသူတွေက ဆိုပါတယ်။

ရေဘေးအကူအညီတွေ ကန့်သတ်ခံရကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဖြူးမြို့နယ်ထဲမှာ စက်တင်ဘာလ ၁၄ ရက်နေ့ကစလို့ စစ်တောင်းမြစ်ဘေး နေထိုင်သူတွေဟာ ရေဘေးကြောင့် ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာ အိမ်အမြင့်တွေမှာ ပြောင်းရွှေ့နေထိုင်နေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်တောင်းမြစ်ကမ်းဘေး ရွာတွေအကုန် ရေလွှမ်းနေတယ်။ ဒီနေ့ဆို ရေကြီးတာ ၄ ရက်မြောက်နေပြီ။ အိမ်အောက်ထပ်တွေ အကုန်မြုပ်နေတယ်။ တချို့တွေက ဘုန်းကြီးကျောင်းနဲ့ အိမ်အမြင့်တွေမှာ သွားနေကြတယ်။ လောလောဆယ် အသေအပျောက်တွေတော့ မကြားမိသေးဘူး။ စားဖို့နဲ့ သောက်သုံးရေ အခက်အခဲရှိတယ်”

စစ်တောင်းမြစ်ကမ်းဘေးရှိ ရွာတွေဖြစ်တဲ့ ဘန်းလောင်၊ သင်္ဘောကျွန်း၊ လက်ပံတန်း၊ ကျောက်စောင်း၊ ကညင်ဒိုင်း၊ ဆေးရိုးကုန်း၊ ဇီးခုံ၊ နန္ဒမိတ်၊ ကိုင်းတဲစု၊ တဲစု ၊ မြောင်း၀လေး ၊ မြပဂိုး၊ မိဿလင် အစရှိတဲ့ ရွာပေါင်း သုံးဆယ်နီးပါး ရေဝင်နစ်မြုပ်နေတာလို့ဆိုပါတယ်။

အဲဒီရွာတွေထဲက အနိမ့်ပိုင်းရွာတွေဖြစ်တဲ့ ကျောက်စောင်း၊ လက်ပံတန်း၊ ကိုင်းတဲစုနဲ့ သင်္ဘောကျွန်း စတဲ့ရွာတွေကတော့ ရေကြီးမှုကို ဆိုးဆိုးဝါးဝါး ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀) ရှိနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။