ဟာသ သရုပ်ဆောင် သေဆုံးမှုအတွက် ၃ ယောက်ကို ဖမ်းဆီးထား

ဟာသ သရုပ်ဆောင် အောင်ရဲထွေး ခေါ် ရဲထွေးအောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူ ၃ ယောက်ကို သုဝဏ္ဏ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။
အခုဖမ်းဆီးရမိထားတဲ့ ၃ ယောက်ကို နာကျင်စေမှုကနေ ပုဒ်မ ၃၀၂ လူသတ်မှုအဖြစ် ပြောင်းလဲသတ်မှတ်ပြီး စစ်ဆေးနေတယ်လို့ သုဝဏ္ဏရဲစခန်းက တာဝန်မှူးက ပြောပါတယ်။
"နာကျင်ရာကနေမှ ၃ဝ၂ ပြောင်းပြီး အမှုဖွင့်ဆောင်ရွက်နေပါတယ်ခင်ဗျ၊ စစ်ဆေးဆဲကာလပေါ့နော်"
သုဝဏ္ဏရဲစခန်းမှာ ဖမ်းဆီးထားသူတွေဟာ အောင်ရဲထွေးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သူတွေလို့ facebook လူမှု ကွန်ယက်စာမျက်နှာမှာ သတင်းထွက်နေတဲ့ သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင်(ခ) အောင်လေး၊ ကျော်ဇောဟန်(ခ) ကျော်ဇော တို့ဖြစ်ပါတယ်။
အောင်ရဲထွေးဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးညမှာ The one intertainment က ပါတီပွဲကို တက်ရောက်ရင်း လူတစ်စုက ဝိုင်းဝန်းထိုးကြိတ်တာကိုခံရပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။
အရင်က ရန်ဖြစ်ဖူးတဲ့အတွက် အခုလို ဝိုင်းပြီးထိုးကြိတ်တာဖြစ်ကြောင်း ဖမ်းဆီးခံထားရတဲ့ သန်းထွဋ်အောင် ခေါ် သားကြီးက ထွက်ဆိုတယ်လို့ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ Yangon Police မှာ ထုတ်ပြန်ထား ပါတယ်။
အောင်ရဲထွေးရဲ့ မိသားစုဝင်တွေကတော့ ရန်ငြိုး၊ ရန်စ မရှိဘဲ အသတ်ခံလိုက်ရတာဖြစ်တယ်လို့ ပြောပါတယ်။
အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး လက်ရှိဖမ်းဆီးရမိထားတဲ့ သုံးယောက်အပြင် နောက်ထပ်ပါဝင် ပတ်သက်သူတွေ ရှိ မရှိကို သုဝဏ္ဏရဲစခန်းက ဆက်လက်စစ်ဆေးနေပါတယ်။