အောင်ရဲထွေးအမှု ဖမ်းဝရမ်းထုတ်ခံထားသူတွေ ရဲစခန်းမှာ လာရောက်အဖမ်းခံ
2018.09.27

ဟာသသရုပ်ဆောင် အောင်ရဲထွေးကို သတ်တဲ့အမှုနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ သန်းထွဋ်အောင် အပါအဝင် ၃ ဦးဟာ သင်္ဃန်းမြို့နယ် သုဝဏ္ဏနယ်မြေရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။
မိဘတွေကိုယ်တိုင် မနေ့က လာရောက်အပ်နှံတာလို့ သုဝဏ္ဏနယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ကျနော်ကတော့ လာပြီးအဖမ်းခံတာကိုတော့ဖြေပေးလို့ရပါတယ်၊ မနေ့ကတော့ လာအဖမ်းခံပါတယ်၊ မိဘတွေကိုယ်တိုင် လာအပ်ပေးတာပါဗျာ၊ သူတို့အမှုကို တရားသူကြီးက ဆက်လက်ဆောင်ရွက်မှာပါ"
ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ သန်းထွဋ်အောင်၊ ပြည်ဖြိုးအောင်နဲ့ ကျော်ဇောဟန်တို့ ၃ ဦးဟာ အရှေ့ပိုင်းခရိုင်တရားရုံးမှာ အမှုရင်ဆိုင်စဉ်မှာပဲ သက်သေမခိုင်လုံတဲ့အတွက်ဆိုပြီး ဇူလှိုင်လ ၂၅ရက်နေ့က တရားရှင်လွှတ်ပေးခဲ့သူတွေဖြစ်ပါတယ်။
ဒီလိုလွှတ်ပေးခဲ့တာကြောင့် ဝေဖန်မှုတွေရှိခဲ့ပြီး နိုင်ငံတော်သမ္မတက ပြန်လည်စစ်ဆေးဖို့ ပြောခဲ့တာကြောင့် တိုင်းတရားလွှတ်တော်က စက်တင်ဘ ၂၅ ရက်နေ့ အမှုကိုပြန်စစ်ဖို့ အရှေ့ပိုင်းခရိုင်တရားရုံးကို ပြန်လည်ပေးပို့ခဲ့ပါတယ်။
ဒီအမှုကို တရားရှင်လွှတ်အောင် စီရင်ဆုံးဖြတ်ရာမှာ လာဘ်ငွေရယူခဲ့တဲ့ တိုင်းဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးကို အဂတိကော်မရှင် တရားစွဲဆိုခဲ့ပါတယ်။
ဒီအမှုကိုလာမယ့် အောက်တိုဘာလ ၉ ရက်နေ့မှာ စစ်ဆေးဖို့ ရုံးချိန်းချိန်းဆိုထားပါတယ်။