ဥပဒေချုပ်ဟောင်း ဦးဟန်ထူးနဲ့ တရားစွဲခံထားရသူတွေ လွတ်မြောက်ဖို့ မျှော်လင့်ကြောင်း ရှေ့နေတွေ ပြော
2018.10.12

ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှုမှာ အဂတိလိုက်စားမှုနဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် တရားရေးဝန်ထမ်း ၅ ဦးနဲ့ ရဲအရာရှိတစ်ဦး လွတ်မြောက်ဖို့ မျှော်လင့်ထားကြောင်း ရှေ့နေတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ရုံးထုတ်အပြီး ပြန်ထွက်လာချိန်မှာ ရှေ့နေ ဦးမင်းစိန်နဲ့ ဦးသန်းအောင်တို့က သတင်းထောက်တွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ တရားရုံးမှာ အရင်အပတ်က တရားလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဘက်က သက်သေ အဖြစ် တင်သွင်းတဲ့ အဂတိလိုက်စားမှု တိုင်စာကို တရားရုံးမှာ စွပ်စွဲခံရသူဘက်က ကန့်ကွက်ခဲ့တာကို နှစ်ဖက်ရှေ့နေတွေက လျောက်လွှဲချက်တင်ခဲ့ကြပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တင်သွင်းတဲ့ တိုင်စာသက်သေဟာ အမှုအတွက် အရေးပါတဲ့ သက်သေဖြစ်တယ်လို့ သိရပါတယ်။
အဲဒီသက်သေဟာ ရဲတပ်ဖွဲ့က ထွက်ဆိုချက် သက်သေဖြစ်တာကြောင့် စွပ်စွဲခံရသူတွေဘက်က ကန့်ကွက်ကြ တာဖြစ်ပါတယ်။
ဥပဒေချုပ် ဦးဟန်ထူးရဲ့ ရှေ့နေဖြစ်သူ ဦးမင်းစိန်က အဲဒီလို သက်သေမျိုးကို တရားရုံးက လက်မခံခဲ့ရင် တရားသေလွှတ်ပေးခဲ့ရတဲ့ အမှုတွေ အရင်ကရှိခဲ့တယ်လို့ ဒီနေ့ တရားခွင်မှာပြောပါတယ်။
သက်သေလက်ခံသင့် လက်မခံသင့်ကို လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့ ရုံးချိန်းမှာ တရားရုံးက ဆုံးဖြတ်အမိန့်ချမှာဖြစ်တယ်လို့ သိရပါတယ်။