အောင်ရဲထွေး အသတ်ခံရမှုကို တရားသေလွှတ်ပေးဖို့ အောင်ရဲထွေးရဲ့ ဥပဒေအရာရှိကတဆင့် လာဘ်ထိုးခဲ့
2018.10.05

ဟာသသရုပ်ဆောင် အောင်ရဲထွေး အသက်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး အဂတိလိုက်စားခဲ့သူတွေကို သေဆုံးသူ အောင်ရဲထွေးဖက်က လိုက်ပါဆောင်ရွက်ခဲ့တဲ့ ဥပဒေအရရှိကနေတဆင့် လာဘ်ထိုးခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က လက်ထောက်ညွန်ကြားရေးမှူး ဦးမိုးနိုင်က ဒီကနေ့ တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။
ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယ ခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယ ခရိုင်တရားသူကြီး ဦးအောင်ကြည်တို့ကို့ ဒီကနေ့ ရုံးထုတ်ခဲ့ပြီး တရားခွင်မှာ တရားလိုပြသက်သေအဖြစ် ဦးမိုးနိုင်က ထွက်ဆိုခဲ့ရာမှာ ခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
အောင်ရဲထွေးဘက်က လိုက်ပါဆောင်ရွက်တဲ့ ဥပဒေအရရှိ ဒေါ်သစ်သစ်ခင်က အောင်ရဲထွေးကို သတ်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ သန်းထွဋ်အောင်ရဲ့အဖေ ဦးခင်မောင်လေးထံက ငွေကြေးယူခဲ့ပြီး သူ့အတွက် သိန်း ၃၀၊ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူးကို ကျပ်ငွေ သိန်း ၁၅ဝ၊ တိုင်း ဥပဒေအရာရှိ ဦးသိန်းဇော်ကို ကျပ် သိန်း ၅ဝ၊ ရန်ကုန်အရှေ့ပိုင်း ခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေးကို ကျပ် သိန်း ၁၃ဝ၊ ဒုတိယ ခရိုင်တရားသူကြီး ဦးအောင်ကြည်ကို ကျပ်သိန်း ၃၃ဝ နဲ့ ရဲအုပ် ချစ်ကိုကိုကို ကျပ် သိန်း ၃ဝ တို့ကို ပေးအပ်ခဲ့ကြောင်း ဦးမိုးနိုင်က ထွက်ဆိုခဲ့ပါတယ်။
အောင်ရဲထွေး အသတ်ခံခဲ့ရမှုမှာ တရားခံတွေကို အမှုပိတ်သိမ်းပြီး တရားသေလွှတ်ပေးဖို့ ၂ ကြိမ်တိတိ ကြိုးစားခဲ့ တယ်လို့ ဦးမိုးနိုင်က ပြောပါတယ်။
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသက်ခံရတဲ့အမှုကို ပိတ်သိမ်းဖို့ ဒုတိယ ခရိုင်တရားသူကြီး ဦးအောင်ကြည်က အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ ရုံးထုတ်မှာတော့ အရင်ရုံးထုတ်တွေကလိုပဲ ထီးတွေ၊ လူတွေကာပြီး ရုံးထုတ်ခဲ့ရာမှာ အဲဒီလိုကာပေးတဲ့ အထဲမှာ တရားရေးဝန်ထမ်းတွေပါ ပါဝင်နေတာကို တွေ့ရပါတယ်။
အမှုကိုဆက်လက်စစ်ဆေးဖို့ လာမယ့် ၁၂ ရက်နေ့ကို ရုံးထပ်မံချိန်းဆိုလိုက်ပြီး အဲဒီနေ့မှာတော့ တရားစွဲဆိုခံ ထားရသူတွေ အကုန်လုံးကို ရုံးထုတ်မယ်လို့ သိရပါတယ်။