အောင်ရဲထွေး သေဆုံးမှု ရုပ်သိမ်းဖို့ တရားခံရဲ့ မိသားစုကပေးတဲ့ ငွေကျပ် သိန်း ၁၅၀၀ ရှိလို့ ပြော


2018.11.03
aungyehtwe-murder-court-622.jpg ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး အဂတိလိုက်စားခဲ့သူတွေကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ ရုံးထုတ်ခဲ့စဉ်
Photo: Kyaw Zaw Win/RFA

အောင်ရဲထွေးအမှု ရုပ်သိမ်းပေးဖို့အတွက် သေဆုံးသူရဲ့ မိသားစုဝင်တွေဟာ လူသတ်တရားခံလို့ စွပ်စွဲခံရသူရဲ့ မိဘတွေထံကနေ နစ်နာကြေး ကျပ်သိန်း ၁၅၀၀ ကိုရယူခဲ့တယ်လို့ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ရန်ကုန်တိုင်း တရားလွှတ်တော်မှာ မနေ့က ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

အောင်ရဲထွေး အမှုရုပ်သိမ်းဖို့အတွက် လာဘ်ယူခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားလိုလုပ်ပြီး တရားစွဲဆိုထားတဲ့ ရန်ကုန်တိုင်း ဥပဒေအရာရှိချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ဥပဒေအရာရှိ ၆ ဦးကို မနေ့က ငါးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

တရားလိုဘက်က  စုံစမ်းစစ်ဆေးရေးမှူး  ဦးမိုးနိုင်က သေဆုံးသူရဲ့ မိသားစုဝင်တွေဟာ လူသတ်တရားခံအဖြစ် စွပ်စွဲခံရသူ မိဘတွေထံက ရယူခဲ့တဲ့ နစ်နာကြေးငွေတွေနဲ့ ပတ်သက်ပြီး ကော်မအရှင်က စုံစမ်းသိရှိရတာတွေကို တရားလွှတ်တော်မှာ ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင် အောင်ရဲထွေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းက ပါတီပွဲတစ်ခုမှာ အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီးနောက် ဇန်နဝါရီ ၂ ရက်နေ့မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

အောင်ရဲထွေး သေဆုံးမှုမှာ စွပ်စွဲခံရသူ သုံးဦးကို တရားရှင်လွှတ်ပေးနိုင်ရေး စုစုပေါင်းကျပ် သိန်း ၇၂၀ နဲ့ ပါတိတ်၊ အင်္ကျ ီ၊ အရက်ပုလင်းတွေ လာဘ်ယူခဲ့တယ်ဆိုပြီး တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး တိုင်းဥပဒေအရာရှိ၊ ခရိုင်ဥပဒေအရာရှိ၊ ဒုခရိုင်ဥပဒေအရာရှိ၊ ဒုခရိုင်တရားသူကြီးနဲ့ ရဲအရာရှိတစ်ဦးတို့ကိုတော့  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ အမှုဖွင့်တရားစွဲဆိုထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။