အောင်ရဲထွေးအမှုမှာ အဂတိလိုက်စားခဲ့တဲ့ စခန်းမှူးကို စစ်ဆေး
2018.10.04

ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှုမှာ အဂတိလိုက်စားခဲ့တာနဲ့ ပတ်သက်ပြီး ရွှေပေါက်ကံ နယ်မြေ စခန်းမှူး ရဲအုပ်ချစ်ကိုကို ကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ရုံးထုတ်ပြီး စတင်စစ်ဆေးခဲ့ပါတယ်။
တရားလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဘက်က သက်သေအဖြစ် တင်သွင်းတဲ့ အဂတိလိုက်စားမှု တိုင်စာကို တရားရုံးမှာ ကန့်ကွက်ခဲ့ကြောင်း ရဲအုပ်ချစ်ကိုကိုရဲ့ ရှေ့နေတရားလွှတ်တော်ရှေ့နေ ဦးသန်းအောင် က သက်သေကို ကန့်ကွက်ခဲ့ကြောင်း ပြောပါတယ်။
"တရားလိုဖြစ်တဲ့ ဦးမိုးနိုင်ကို စတင်စစ်ဆေးတဲ့အခါမှာ အဓိကတော့ တိုင်စာကို သက်သေခံသွင်းတဲ့အခါမှာ ဦးချစ်ကိုကိုဘက်ကနေ ဆရာ့အနေနဲ့ ဒီကိစ္စကိုကန့်ကွက်တယ်၊ ကန့်ကွက်တဲ့အကြောင်းရင်းက သက်သေခံဥပဒေ ၂၅၊ ၂၆ အရသော်လည်းကောင်း ရာဇဝတ်ကျင့်သုံးဥပဒေ ၁၆၂ အရလည်းကောင်း၊ သတင်းပေးချက် ရာဇဝတ်ကျင့်သုံးဥပဒေပုဒ်မ ၁၅၄ အရ မညီညွှတ်ဘဲနဲ့ အမှုက စုံစမ်းစစ်ဆေးရေးကော်မရှင်က စစ်ဆေးပြီးမှ ဒီအမှုကိုရေးဖွင့်တဲ့ တိုင်ချက်ဖြစ်တဲ့အတွက် ဆရာတို့ကန့်ကွက်ရခြင်းဖြစ်ပါတယ်"
လာမယ့် ၁၂ ရက်နေ့မှာ အဲဒီတိုင်ကြားစာကို သက်သေအဖြစ် လက်ခံသင်း မလက်ခံသင့် နှစ်ဖက်ရှေ့နေတွေက လျှောက်လွှဲချက်တွေကို တရားရုံးမှာ ကြားနာမှာ ဖြစ်ပါတယ်။
ဒီကနေ့ရုံးချိန်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဦးမိုးနိုင်ကို တရားလိုသက်သေအဖြစ် စတင်စစ်ဆေးခဲ့တာဖြစ်ပြီး တရားလိုသက်သေ ၁၅ ယောက်အထိ စစ်ဆေးရမှာဖြစ်ပါတယ်။
ရွှေပေါက္ကံနယ်မြေ စခန်းမှူး ရဲအုပ် ချစ်ကိုကို ဟာ ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယ ခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယ ခရိုင်တရားသူကြီး ဦးအောင်ကြည်တို့နဲ့အတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားလိုလုပ် တိုင်ကြားထားတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးကို အဂတိလိုက်စားမှု တိုက်ဖျတ်ရေးဥပဒေပုဒ်မ ၅၅ နဲ့တရားစွဲဆိုထားပြီး ကျန်ရှိသူတွေကိုတော့ ပုဒ်မ ၅၆ နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ်ကနေ ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ပြောကြားချက်အရ ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးက ကျပ်ငွေ သိန်း ၁၅ဝ၊ တိုင်း ဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ် သိန်း ၅ဝ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး က ကျပ် သိန်း ၁၃ဝ၊ ဒုတိယ ခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က ကျပ် သိန်း ၃ဝ၊ ဒုတိယ ခရိုင် တရားသူကြီး ဦးအောင်ကြည် က ကျပ်သိန်း ၃၃ဝ နဲ့ ရဲအုပ် ချစ်ကိုကိုက ကျပ် သိန်း ၃ဝ ရယူခဲ့ကြတယ်လို့ ပြောထားပါတယ်။