သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ငွေကြေးပေးငှားထားသူ အမေရိကန်ရဲတပ်ဖွဲ့ စစ်ဆေးနေ

2021.08.05
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ငွေကြေးပေးငှားထားသူ အမေရိကန်ရဲတပ်ဖွဲ့ စစ်ဆေးနေ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ၂၀၂၁ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တွေ့ရစဥ်။
Photo: UN

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် အဖွဲ့အစည်းတစ်ခုက ဒီရက်ပိုင်းအတွင်း အခကြေးငွေပေးပြီး ကြိုးစားခဲ့ကြောင်း သိရပါတယ်။

သံအမတ်ကြီးကို သတ်ဖြတ်ပေးဖို့ နယူးယောက်မြို့မှာ လက်ရှိနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို အဲဒီအဖွဲ့အစည်းက အခကြေးငွေပေး ငှားရမ်းခဲ့တာဖြစ်ပြီး အဲဒီ မြန်မာနိုင်ငံသားက ဦးကျော်မိုးထွန်းကို ဆက်သွယ်ပြီး အကြောင်းစုံကို ပြောပြခဲ့ပြီးနောက်မှာ သံအမတ်ကြီးက အမေရိကန်အစိုးရ လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီမြန်မာနိုင်ငံသားဟာ အမေရိကန်ပြည်ထောင်စုကို အလည်အပတ်ဗီဇာနဲ့ လာရောက်ပြီးနောက်မှာ ခိုလှုံခွင့် တောင်းထားသူဖြစ်ကြောင်းနဲ့ သူ့ကို အခု အမေရိကန် ပြည်ထောင်စု ထောက်လှမ်းရေးအရာရှိတွေက စစ်ဆေးမေးမြန်းနေကြောင်းလည်း သတင်းရပါတယ်။

ရိုက်တာသတင်းဌာနကတော့ သံအမတ်ကြီးက သူ့ရဲ့လုံခြုံရေးခြိမ်းခြောက်မှု အန္တရာယ်ကို ပြီးခဲ့တဲ့အင်္ဂါနေ့က သိရှိရတဲ့အတွက် အမေရိကန်ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီးနောက် အခု စုံစမ်းအရေးယူနေကြောင်း၊ သူ့လုံခြုံရေးအတွက် ရဲတပ်ဖွဲ့က ဆောင်ရွက်ပေးထားကြောင်း ပြောဆိုတယ်လို့ ဖော်ပြပါတယ်။ အမေရိကန်ပြည်ထောင်စု ဗဟိုအစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ အမေရိကန် နိုင်ငံခြားရေးဌာနကလည်း မိမိတို့ရဲ့ ကာကွယ်ရေးအစီအစဉ်တွေကို အသေးစိတ် ပြောဆိုထုတ်ပြန်ခြင်း မရှိပါဘူးလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို RFA က ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စကို လုံခြုံရေးအရ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်တဲ့အတွက် အသေးစိတ် ထုတ်ပြန်ပြောဆိုနိင်ခြင်း မရှိသေးကြောင်း၊ အမေရိကန်အစိုးရ လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် သူ့အပေါ် နားလည်စေလိုကြောင်း ပြောဆိုပါတယ်။

ဦးကျော်မိုးထွန်းရဲ့ လုံခြုံရေးအတွက် လက်ရှိတာဝန်ယူထားတဲ့ နယူးယောက်မြို့ရှိ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကတော့ သံအမတ်ကြီးအတွက် လုံခြုံရေးကို အရင်ကထက် ပိုမိုအဆင့်မြင့် ဆောင်ရွက်နေတယ်လို့ပဲ RFA ကိုပြောဆိုပြီး အသေးစိတ်ပြောကြားဖို့ ငြင်းဆိုပါတယ်။ ဒီအမှုရဲ့ နောက်ကွယ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ် ပါဝင်ပတ်သက်နေတယ်လို့ လူတချို့က ယူဆပေမယ့် RFA က အတည်ပြုနိုင်ခြင်း မရှိသေးသလို မြန်မာစစ်တပ် ပြောရေးဆိုခွင့် ရှိသူတွေကိုလည်း လတ်တလော ဆက်သွယ်လို့ မရသေးပါဘူး။

အခုလို သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန် အခကြေးငွေပေး ခိုင်းစေမှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ပိုမိုရရှိဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။