အာရှအလင်းရောင်ဖောင်ဒေးရှင်းကို စစ်တပ်နဲ့ရဲ ဝင်ရောက်၊ ယာဥ်မောင်းနဲ့ ဆရာဝန် အဖမ်းခံရ

2021.04.08
အာရှအလင်းရောင်ဖောင်ဒေးရှင်းကို စစ်တပ်နဲ့ရဲ ဝင်ရောက်၊ ယာဥ်မောင်းနဲ့ ဆရာဝန် အဖမ်းခံရ အာရှအလင်းရောင် ဇီဝိတဒါန ဆေးခန်းကို တွေ့ရစဉ်
ဓာတ်ပုံ - အာရှအလင်းရောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ အနီးစခန်းက အာရှအလင်းရောင် ဖောင်ဒေးရှင်း ပရဟိတဘုန်းကြီးကျောင်းနဲ့ ဆေးခန်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ဧပြီ ၇ ရက်မှာ လာရောက်စစ်ဆေးပြီး သန္တိသုခပရဟိတ ယာဥ်မောင်းနဲ့ ရန်ကုန်ကနေ အလည်ရောက်နေတဲ့ ဆရာဝန်တစ်ယောက် အဖမ်းခံရပါတယ်။

သန္တိသုခပရဟိတအသင်းနဲ့ အာရှအလင်းရောင်ဖောင်ဒေးရှင်းတို့ဟာ ဆေးကုသဖို့လိုအပ်တဲ့ လူနာတချို့နဲ့ မွေးလူနာတွေ ဆေးကုသနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

ဧပြီ ၇ ရက် နေ့လယ်ပိုင်းမှာ အချုပ်ကား နှစ်စီး အပါအဝင် စစ်တပ်နဲ့ ရဲကား ၁၃ စီးလောက် ရောက်လာပြီး ဆေးခန်းလူနာဆောင်၊ စာသင်ဆောင်တွေအထိ ရှာဖွေခဲ့ကြပြီး ဘုန်းကြီးကျောင်းမှာ အဆောင်နေတဲ့ ကျောင်းသားတချို့ဆီက ငွေတချို့လည်း ယူသွားပါတယ်။

ကျောင်းထိုင်ဆရာတော် အရှင်စိန္တိတ ကို ရှာမတွေ့ဘဲ လုံခြုံရေးကင်မရာတွေကိုပါ ဖြုတ်ယူသွားပါတယ်။

စစ်သားတချို့က ဘုန်းကြီးကျောင်းဝန်းထဲမှာ ကျဉ်အခွံတချို့ လိုက်ချတာကို တွေ့ရတယ်လို့ မျက်မြင်တချို့က ပြောပါတယ်။

အာရှအလင်းရောင် ဖောင်ဒေးရှင်းဟာ ဆေးကုသဖို့ အခက်ခဲရှိသူတွေကို အခမဲ့ ကုသပေးပြီး မိဘမဲ့တွေ၊ နွမ်းပါးတဲ့ကလေးတွေကို စာသင်ပေးနေတာ ၁၀ နှစ်ကျော်ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။