မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီး ဆွေးနွေးပွဲ ဖိတ်၊ မဖိတ် မနက်ဖြန်ဆွေးနွေးမည်

အခုလကုန်ပိုင်းမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာပြည်က စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ခွင့် ပေး၊ မပေးဆိုတဲ့ကိစ္စ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ မနက်ဖြန် သောကြာနေ့မှာ အွန်လိုင်းကနေ ဆွေးနွေးကြလိမ့်မယ်လို့ Reuters သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံက အကျပ်အတည်းကိုဖြေရှင်းဖို့ ဘုံသဘောတူချက် ငါးခုကို အာဆီယံအသင်းက ဧပြီလမှာ ကြေညာခဲ့ပေမယ့် မြန်မာစစ်ကောင်စီက ဒီသဘောတူညီချက်တွေကို လိုက်နာမှု မရှိလို့ အာဆီယံ အသင်းဝင် နိုင်ငံ တော်တော်များများက အပြင်းအထန် ဝေဖန်နေကြတာပါ။ ပြီးခဲ့တဲ့ သောကြာနေ့က ကျင်းပတဲ့ အာဆီယံ အဆင့်မြင့်အရာရှိတွေရဲ့ ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိပ်သီးဆွေးနွေးပွဲမှာ တက်ခွင့် မပေးဖို့ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေက အရေးဆိုခဲ့ကြပြီး ဗိုလ်ချုပ်မှူးကြီးအစား စစ်ကောင်စီ ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်ဖြစ်၊ တခြား အဆင့်မြင့် အရာရှိတစ်ဦးဦးကိုပဲဖြစ်ဖြစ် လက်ခံဖို့ ကမ်းလှမ်းခဲ့တယ် လို့ ဒီကနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
အာဆီယံထိပ်သီးဆွေးနွေးပွဲက အခုလ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ အွန်လိုင်းကနေ ကျင်းပသွားမှာဖြစ်ပြီး ဒီဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ခွင့်မပေးဖို့ အာဆီယံနိုင်ငံတချို့က အလေးအနက် ဆွေးနွေးခဲ့တာ သေချာတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံရဲ့ အထူးကိုယ်စားလှယ် အယ်ရီဝမ်ယူစွပ် က ပြီးခဲ့တဲ့အပတ်က အတည်ပြုချက်ပေးခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
အာဆီယံအသင်းရဲ့ မြန်မာ့အရေး သံတမန်နည်းနဲ့ ကြားဝင်ဖြေရှင်းမှုကို အားပေးထောက်ခံနေတဲ့ နိုင်ငံတွေ ထဲမှာ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ တရုတ်တို့ ပါဝင်ကြပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်ကောင်စီရဲ့ အားရစရာ မရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် အာဆီယံအသင်းက ထိထိရောက်ရောက် တုံ့ပြန်ဖို့ တိုက်တွန်းမှုတွေ က အခုလပိုင်းတွေအတွင်းမှာ သိသိသာသာ ရှိလာနေပါတယ်။