ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အာဆီယံကိုယ်စားလှယ် စစ်ကောင်စီနဲ့ ဆွေးနွေးနေ

မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံအဖွဲ့က ခန့်အပ်ခဲ့တဲ့၊ ဘရူနိုင်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Erywan Yusof က၊ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးကိစ္စနဲ့ ပတ်သက်ပြီး၊ မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးနေဆဲဖြစ်ကြောင်း စက်တင်ဘာ ၄ ရက် စနေနေ့က ပြောပါတယ်။
မြန်မာနိုင်ငံကို ချက်ချင်းလက်ငင်း သွားဖို့လိုကြောင်း၊ ဒါပေမဲ့ မြန်မာဘက်က အဲဒီမှာ ဘာတွေ ဆောင်ရွက် ရမယ်၊ မြန်မာဘက်က ဘာတွေဆောင်ရွက်ခွင့်ပြုမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုကြောင်းလည်း ပြောပါတယ်။ ဒါ့ပြင် သူ့အနေနဲ့ မြန်မာနိုင်ငံကို အယံဆီယံ ခေါင်းဆောင်တွေ စည်းဝေးပွဲမတိုင်ခင်၊ အောက်တို ဘာလကုန်ပိုင်းမှာ သွားရောက်လိုကြောင်း၊ ဒါပေမဲ့ ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း၊ မြန်မာနိုင်ငံ ခရီးစဉ်ရဲ့ အချက်ငါးချက်ပါ သဘောတူညီချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ကိစ္စမပါဝင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို တောင်းဆိုထားကြောင်းလည်း ပြောပါတယ်။
အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်သွားအောင်၊ စစ်တပ်နဲ့ အတိုက် အခံတွေကြား အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး၊ တွေ့ဆုံဆွေးနွေးမှုတွေ စတင်နိုင်ဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။