မြန်မာနိုင်ငံကို အာဆီယံ ဥက္ကဌ ပေးရေး ဘာလီမှာ ဆွေးနွေးမယ်
2011.07.19

AFP
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့အနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီ၊ လူ့အခွင့်ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းမှုတွေကို လေ့လာသွားမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ်က Jarkarta Post သတင်းစာကို ဒီကနေ့မှာ ပြောကြားပါတယ်။
ဒီခရီးစဉ်နဲ့ ပတ်သက်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတလီဂါဝါးဟာ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဒီကနေ့မှာ ဆွေးနွေးမယ်လို့ ဆိုပါတယ်။
အာဆီယံအနေနဲ့ ၂၀၁၄ ခုနှစ်မှာ လူ့အခွင့်ရေးကိစ္စတွေနဲ့ နိုင်ငံတကာမှာ နာမည်ပျက်နေတဲ့ မြန်မာနိုင်ငံကို အလှည့်ကျ ဥက္ကဌတာဝန်ပေးခဲ့ရင် ၂၀၁၅ မှာ တစုတစည်းတည်းရှိတဲ့ အာဆီယံလူမှု အသိုက်အဝန်း ထူထောင်နိုင်ရေး ရည်မှန်းချက်ကို ထိခိုက်သွားနိုင်တဲ့ အန္တရာယ်ရှိနေတယ် ဆိုတာကိုလည်း အင်ဒိုနီးရှားနိုင်ငံက သဘောပေါက် နားလည်ထားတယ်လို့လည်း သတင်းစာမှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံဟာ အက္ခရာစဉ်အရ ၂၀၁၆ မှာ အလှည့်ကျဥက္ကဌ တာဝန်ယူရမှာဖြစ်ပေမယ့် ရွေးကောက်ပွဲ အပြီး တက်လာတဲ့ အစိုးရသစ်က လာအိုနိုင်ငံကို အလှည့်ကျော်ပြီး ၂၀၁၄ မှာ ဥက္ကဌတာဝန်ယူဖို့ တင်ပြတောင်းဆို ထားပါတယ်။
ဘာလီမှာ ကျင်းပတဲ့ အာဆီယံနဲ့ အာရှလုံခြုံရေး ဆွေးနွေးပွဲမှာ မြန်မာကိစ္စအပြင် တောင်တရုတ် ပင်လယ်က ရေပိုင်နက် အငြင်းပွားမှု၊ ထိုင်း ကမ္ဘောဒီးယား နယ်စပ်ပြဿနာ၊ မြောက်ကိုရီးယား နျူကလီယား ပြဿနာတွေကို အလေးထားဆွေးနွေးဖို့ရှိပါတယ်။
ဒီဆွေးနွေးပွဲကို အဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေအပြင် အမေရိကန်၊ အီးယူ၊ တရုတ်၊ တောင်နဲ့ မြောက်ကိုရီးယား၊ သြစတေလျနဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးတွေ တက်ရောက်ဖို့ရှိပါတယ်။