မြန်မာစစ်ခေါင်းဆောင် အာရှ- ဥရောပ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မရပြန်

2021.11.25
မြန်မာစစ်ခေါင်းဆောင် အာရှ- ဥရောပ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မရပြန် နိုဝင်ဘာလ ၂၅ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံတွင် အာရှ-ဥရောပအစည်းအဝေးကို မြန်မာမပါဝင်ဘဲ ကျင်းပနေစဉ်။
Photo: AFP

မနေ့ကနဲ့ ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်နေ့မှာ ဗီဒီယိုနဲ့ကျင်းပပြီး အာရှနဲ့ ဥရောပနိုင်ငံတွေက ခေါင်းဆောင် ၅၀ ကျော်တက်ရောက်တဲ့ အာရှ- ဥရောပ ထိပ်သီးအစည်းအဝေးမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်ခွင့် မရခဲ့ပါဘူး။ ဒါဟာ အာရှက ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ရမယ့် နိုင်ငံတကာထိပ်သီးအစည်းအဝေးတွေကို နှစ်လအတွင်းမှာ သုံးကြိမ်မြောက် တက်ရောက်ခွင့် မရခဲ့တာ ဖြစ်ပါတယ်။

အာရှ-ဥရောပ အစည်းအဝေး (ASEM) မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံရေးနဲ့မသက်ဆိုင်သူကိုသာ တက်ရောက်စေဖို့ ရန် မြန်မာနိုင်ငံကို အကြောင်းကြားခဲ့တယ်လို့ အာဆီယံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီလိုအကြောင်းကြားပြီးနောက် ထိပ်သီးအစည်းအဝေးမှာ မြန်မာပါဝင်မှာ မဟုတ်ဘူးလို့ မြန်မာစစ် ကောင်စီက အကြောင်းပြန်လာတယ်လို့ အာရှ-ဥရောပအစည်းအဝေးကို အိမ်ရှင်အဖြစ်ကျင်းပတဲ့ ကမ္ဘောဒီးယားနိုင်ငံက ပြောဆိုကြောင်း ဂျပန်နိုင်ငံထုတ် ကျိုဒိုသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ပြုလုပ်တဲ့ ASEAN-တရုတ် ထိပ်သီးဆွေးနွေးပွဲနဲ့ အောက်တိုဘာလအတွင်းမှာ ဘရူနိုင်းနိုင်ငံက လက်ခံကျင်းပတဲ့ ASEAN ထိပ်သီးဆွေးနွေးပွဲတွေမှာလည်း တက်ရောက်ခွင့်မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။