မောင်တောမှာ လက်နက်ကြီးကြောင့် ဒေသခံငါးဦး ဒဏ်ရာရ

RFA Burmese
2024.07.29
မောင်တောမှာ လက်နက်ကြီးကြောင့် ဒေသခံငါးဦး ဒဏ်ရာရ မောင်တောမြို့တွင် ကင်းလှည့်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ကားတစ်စီးအား ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
Photo: RFA

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ် ကံသာယာ (အလယ်) ရွာကို ဇူလိုင်လ ၂၈ ရက် မနေ့က နေ့လယ်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာခံငါးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့အဝင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အသေအပျောက်တော့ မရှိပါ။ အဲဒီမှာ ဥက္ကဋ္ဌအပါအဝင် ငါးယောက် ဒဏ်ရာရသွားပါတယ်။ စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးကျည်တွေ အရင်ကလည်း အဲဒီရွာမှာ ကျခဲ့တာရှိပါတယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

ကံသာယာ (အလယ်) ရွာမှာ အိမ်ခြေခြောက်ဆယ်ခန့်ရှိပြီး လူဦးရေ သုံးရာခန့် နေထိုင်ပါတယ်။ မောင်တောမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ရွာနဲ့အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးကျတာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာတွေ မကြာခဏဆိုသလို ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ကံသာယာ (အထက်) ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။