ရေဦးမြို့နယ်မှာ စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းဆီးခံရသူ ရှစ်ဆယ်ကျော်ရှိလာ
2024.05.07
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းဖို့ဆိုပြီး လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ အမျိုးသား ဦးရေ ရှစ်ဆယ်ကျော်လာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက် မတ်လလောက်ကစလို့ ရေဦးမြို့ပေါ်နဲ့ မြို့အနီးတစ်ဝိုက်က ကျေးရွာတွေမှာ နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးတာတွေရှိခဲ့ပြီး အခုမေလထဲမှာ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဆိုပါတယ်။
မေလ ၄ ရက်နေ့က ရေဦးမြို့ပေါ် ရပ်ကွက်ငါးခုမှာရှိတဲ့ အမျိုးသား သုံးဆယ်ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သလို ဧပြီလ ၂၉ ရက်နေ့ကလည်း အမျိုးသား နှစ်ဆယ်ခန့်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
မြို့ပေါ်မှာ အားကောင်းမောင်းသန် အမျိုးသားတွေ မရှိတော့သလို မြို့ကိုစွန့်ခွာသူတွေလည်း ပိုများလာတယ်လို့ People's Defence Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။
“အသက် ၄၀ ကျော်တယ်ဆိုရင်လည်း သန်သန်မာမာရှိတယ်ဆိုရင်ကို ဆွဲနေတာ။ မြို့ရဲ့လူဦးရေ ရှစ်ဆယ်ရာခိုင်နှုန်းခန့်က ဘေးလွတ်ရာကို တိမ်းရှောင်သွားကြပြီ အိပ်ရာထဲလဲနေတဲ့ သက်ကြီးပိုင်းတွေလောက်ပဲ ကျန်မယ်။ လေးလပိုင်းအကုန် ငါးလပိုင်းလောက်ကစပြီး ရေဦးမြို့က မြို့ပျက်ကြီးလို့ ခြောက်ကပ်သွားပြီ။ ယောက်ျားသားပြည်သူတွေ မရှိတော့အတွက် ဆန်စက်တွေဆိုရင် အလုပ်သမားမရှိတော့ နှစ်ရက်လောက်ရှိပြီ ပိတ်ထားရတာ”
စစ်မှုထမ်းဖို့ နာမည်စာရင်းပါတဲ့ ရေဦးမြို့ပေါ်က အမျိုးသားအများစုဟာ ဘေးလွတ်ရာ ရွာတွေကို ထွက်ပြေးသွားကြသလို ကာကွယ်ရေးတပ်ဖွဲ့တွေထံ ဝင်ရောက်လာသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကို ရေဦးမြို့ အထက (၁) ကျောင်းမှာ ထိန်းသိမ်းထားပြီး အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဆီပို့ဖို့ လူဦးရေတစ်ရာပြည့်အောင် စုဆောင်းနေတာလို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
စစ်ကောင်စီထံမှာ စစ်မှုမထမ်းလိုတဲ့ နိုင်ငံတစ်ဝန်းက လူပေါင်းတစ်သောင်းကျော် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ထံ ဆက်သွယ်အကြောင်းကြားလာတယ်လို့ ဧပြီလ ၃၀ ရက်နေ့မှာ ပြုလုပ်တဲ့ NUG ရဲ့ သုံးနှစ်ပြည် သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောထားပါတယ်။
ဒါ့အပြင် ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ ဧပြီလ ၁၈ ရက် ထုတ်ပြန်ချက်အရ စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်ပြီးနောက် နိုင်ငံတစ်ဝန်းက လူငယ် ငါးထောင်ခန့်ဟာ စစ်မှုထမ်းသင်တန်း အပတ်စဥ် (၁) အတွက် စစ်သင်တန်းကျောင်း ၁၅ ကျောင်းကို ပို့ဆောင်ခံခဲ့ရပါတယ်။