တီးတိန်မြို့နယ်က ကျောင်းဆရာမသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခု ဖမ်းဆီး
2023.07.05
ချင်းပြည်နယ် တီးတိန်မြို့နယ် ကလေး-တီးတိန်ကားလမ်းဘေး ဆူဇန်ရွာ က နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှာ စာသင်နေတဲ့ ကျောင်းဆရာမသုံးဦးကို ဇူလိုင်လ ၄ ရက်မှာ အမည်မသိတဲ့ လက်နက်ကိုင်အဖွဲ့ တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဖမ်းခံရတဲ့ ဆရာမတွေဟာ ဆရာမဟွဲ၊ ဆရာမ ကွော် နဲ့ ဆရာမ ကျိန်တို့ ဖြစ်ပါတယ်။ သူတို့ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ မပါဝင်သူတွေ ဖြစ်ပေမယ့် ရွာရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ပြီး ကျောင်းသားတွေ ကျောင်းတက်လို့ရအောင် ဆူဇန် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာ စာသင်ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“စာသင်နေတဲ့အချိန်မှာ အဖမ်းခံရတာ။ ဖမ်းတဲ့ လက်နက်ကိုင်အဖွဲ့က ဘယ်က အဖွဲ့လဲ ဆိုတာ မသိဘူး။ ကျောင်းက ဆရာမတွေခေါ်သွားတာကတော့ ကျောင်းသားတွေ နဲ့ ရွာက လူတွေက မြင်တယ်”
ဘယ်အဖွဲ့က ဖမ်းဆီးခဲ့တယ်ဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေး ပါဘူး။
ကျောင်းဆရာမတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကရော၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ပါ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ချင်းဒေသကာကွယ်ရေး တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။