မန္တလေးဆန္ဒပြပွဲမှာ ဖမ်းဆီးခံရတဲ့ ကျူရှင်ဆရာတစ်ဦး စစ်ဆေးရုံမှာ သေဆုံး

2021.05.14
မန္တလေးဆန္ဒပြပွဲမှာ ဖမ်းဆီးခံရတဲ့ ကျူရှင်ဆရာတစ်ဦး စစ်ဆေးရုံမှာ သေဆုံး စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲ ဖြိုခွင်းခံရစဉ် ဖမ်းဆီးခံလိုက်ရတဲ့ မန္တလေးမြို့က မြန်မာစာပြ ကျူရှင်ဆရာ ဦးကျော်ကျော်ဦး ကို တွေ့ရစဉ်
Photo: Citizen Journalist

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၅၈ လမ်း ၂၄ လမ်း မှာ အခုလ မေ ၂ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲ ဖြိုခွင်းခံရစဉ် ဖမ်းဆီးခံလိုက်ရတဲ့ အသက် ၄၀ အရွယ် မြန်မာစာပြ ကျူရှင်ဆရာ ဦးကျော်ကျော်ဦး ဟာ ပြင်ဦးလွင် စစ်ဆေးရုံမှာ သေဆုံးသွားတဲ့အတွက် ဒီကနေ့ မိသားစုတွေက ရက်လည်ဆွမ်းသွပ်ခဲ့ပါတယ်။

မိသားစုက သူ့ရဲ့ရုပ်အလောင်းကို ပြန်မရခဲ့သလို သေဆုံးတယ်ဆိုတာကိုလည်း စုံစမ်းပြီးမှ သိခဲ့ရတာလို့ အမည်မဖော်လိုတဲ့ ကျူရှင်ဆရာ ဦးကျော်ကျော်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“ဆန္ဒပြပွဲ ဖြိုခွင်းခံရပြီး ပေါင်မှာ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ အခု လိုက်စုံစမ်းတော့ ဆေးရုံမှာ ဆုံးသွားပြီတဲ့၊ အလောင်းတောင် ပြန်မရပါဘူး။ မိသားစုက ဒီဖြစ်ရပ်ကို လက်တော့လက်မခံနိုင်ပေမယ့် တကယ်ဆုံးခဲ့ရင်လည်း ကောင်းရာဘုံဘဝရောက်အောင် ဒီကနေ့ ရက်လည်ဆွမ်းကပ်လိုက်တာပါ။”

သူဟာစစ်ဆေးရုံမှာ ဘာကြောင့်သေဆုံးတယ်ဆိုတာကို မသိရသလို သေဆုံးတဲ့အကြောင်းနဲ့ ပတ်သက်လို့ လည်း စစ်တပ်တာဝန်ရှိသူတွေက မိသားစုထံ ဒီနေ့အထိ တရားဝင် အကြောင်းကြားတာမျိုးမရှိဘူးလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က မန္တလေးမြို့မှာ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြနေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရောက်လာလို့ ထွက်ပြေးကြရာမှာ ဦးကျော်ကျော်ဦး အပါအဝင် ကျူရှင်ဆရာ နှစ်ဦး ဖမ်းဆီးခံခဲ့ရတာပါ။

ကျန်တစ်ဦးကတော့ အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတယ်လို့ မန္တလေးမြို့ ကျူရှင်ဆရာများ သမဂ္ဂအဖွဲ့က ပြောပါတယ်။

အခုနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ လိုက်လံဖမ်းဆီးဖြိုခွင်း နေသလို G-Z ဟန်ဆောင်ပြီး ဆန္ဒပြပွဲတွေမှာ လိုက်ပါ သတင်းယူပြီးပြီးတော့ ဖြိုခွင်းတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။