ဗုံးကွဲမှုကြောင့် သေဆုံးခဲ့ရတဲ့ NLD အမတ်ရဲ့ ကျန်ရစ်သူ မိသားစုကို စစ်ကောင်စီဖမ်းဆီး

ပဲခူးတိုင်း ပြည်မြို့မှာ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရတဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD တိုင်းလွှတ်တော်အမတ် ဦးသက်ဝင်းလှိုင်ရဲ့ ဇနီးဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့ မေလ ၃ ရက်နေ့မှာပဲ ပြည်မြို့ပေါ်က ဦးသက်ဝင်းလှိုင်ရဲ့ နေအိမ်ကို စစ်တပ်နဲ့ ရဲတွေ ချက်ချင်း လာရောက်ရှာဖွေခဲ့ပြီးနောက် တခြားနေရာကို တိမ်းရှောင်နေတဲ့ ကျန်ရစ်သူ မိသားစုဝင်တွေထဲက ဇနီးဖြစ်သူ ဖမ်းဆီးခံခဲ့ရတာပါ။
မနေ့က ဦးသက်ဝင်းလှိုင်ကိုရဲ့ နာရေးအတွက် ဖမ်းဆီးခံထားရတဲ့ ဇနီးကို စစ်ကောင်စီက ခေတ္တခေါ်လာခဲ့ပြီး သင်္ဂြိဲုဟ်ပြီးတာနဲ့ ပြန်ဖမ်းခေါ်သွားတယ်လို့ မျက်မြင်ဒေသခံက ပြောပါတယ်။
မေလ ၃ ရက် ညပိုင်းက ပြည်မြို့နယ် ကမ္ဘီလာကျေးရွာမှာ ဗုံးတစ်လုံးပေါက်ကွဲတဲ့အတွက် NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်၊ CDM ရဲဝန်ထမ်း ၃ ဦးနဲ့ ခြံပိုင်ရှင် ရွာသားတစ်ဦး၊ စုစုပေါင်း ၅ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတာပါ။
ဦးသက်ဝင်းလှိုင်ဟာ စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတဲ့အတွက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ရဲတွေနဲ့အတူ အဲ့ဒီရွာမှာ တိမ်းရှောင်နေတာဖြစ်ပါတယ်။
NLD အမတ်နဲ့ အတူတိမ်းရှောင်နေတဲ့ CDM ရဲတစ်ဦးက Non CDM လုပ်ပြီး လုပ်ငန်းခွင်ပြန်ဝင်သွားပြီးနောက် ပေးပို့လာတဲ့ လက်ဆောင်ပါဆယ်ကနေတဆင့် ပါဆယ်ဗုံးပေါက်ကွဲတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
စစ်ကောင်စီကတော့ သေဆုံးသူတွေဟာ လက်လုပ်ချိန်ကိုက်မိုင်း စမ်းသပ်လုပ်နေရင်းက ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားရတာလို့ သတင်းထုတ်ပြန်ထားပါတယ်။ ဦးသက်ဝင်းလှိုင်ရဲ့ ကျန်ရစ်သူမိသားစုတွေကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ပြောဆိုချက်ကိုမသိရသေးပါဘူး။
ဗုံးကွဲတဲ့နေရာမှာ ရှိနေတဲ့သူတွေထဲက တစ်ဦးပဲ အသက်ရှင်ကျန်ခဲ့ပြီး ပြည်မြို့ခုတင် ၅၀၀ ဆေးရုံမှာ လက်နှစ်ဖက် ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။