လှည်းတန်းမှာသေဆုံးသူ ညီညီအောင်ထက်နိုင်ရဲ့မိခင် ဓားစာခံအဖြစ် အဖမ်းခံထားရ

2021.09.01
လှည်းတန်းမှာသေဆုံးသူ ညီညီအောင်ထက်နိုင်ရဲ့မိခင် ဓားစာခံအဖြစ် အဖမ်းခံထားရ ညီညီအောင်ထက်နိုင်တို့ ညီအကိုနှစ်ဦးနဲ့ အမေဖြစ်သူကို တွေ့ရစဉ်
Photo credit: -

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ ကိုကိုအောင်ထက်နိုင်ကို စက်တင်ဘာလ ၁ ရက် မနေ့မနက် ၉ နာရီလောက်က စစ်ကောင်စီသြဇာခံရဲတပ်ဖွဲ့က ဝင်ဖမ်းဆီးတဲ့အချိန်မှာ သူ့ကို မတွေ့လို့ဆိုပြီး သူ့ရဲ့မိခင် ဒေါ်ဝင်းမာကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုကိုအောင်ထက်နိုင်ဟာ ရန်ကုန်မြို့လှည်းတန်းလမ်းဆုံနားမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေရဲ့လက်ချက်နဲ့ သေနတ်မှန်ပြီး သေဆုံးခဲ့ရတဲ့ ညီညီအောင်ထက်နိုင်ရဲ့ အမွှာအကိုလည်း ဖြစ်ပါတယ်။

မိခင်ကို ဖမ်းဆီးထားပြီးတဲ့နောက်၊ ကိုကိုအောင်ထက်နိုင် လာရောက်အဖမ်းခံဖို့ ရဲက ဖုန်းနဲ့ဆက်သွယ်ခိုင်းတယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။ ကိုကိုအောင်ထက်နိုင်ကို စစ်ကောင်စီက ဘာကြောင့် ဖမ်းဆီးဖို့ကြိုးစားသလဲဆိုတာကိုတော့ မသိရသေးပါဘူး။

သူတို့ရဲ့မိခင်ဒေါ်ဝင်းမာက မိသားစုစားဝတ်နေရေးနဲ့ လှူနိုင်ဖို့အတွက် အွန်လိုင်းကနေ ငါးခြောက်နဲ့ ပုဇွန်ခြောက်ရောင်းရင်း သမာအာဇီဝနဲ့ ဝင်ငွေရှာနေသူဖြစ်ပါတယ်။ သူတို့ဖခင်က ရွှေပြည်သာမြို့နယ် NLD ရပ်ကျေးဥက္ကဋ္ဌဟောင်းဖြစ်ပြီး၊ သားအငယ် ညီညီအောင်ထက်နိုင် အသက်ဆုံးရှုံးရပြီးတဲ့အချိန်ကတည်းက ရှောင်တိမ်းနေရတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။