ဆယ်လအတွင်း NLD ပါတီဝင် ၆၅၀ နီးပါး အဖမ်းခံရ

2022.01.02
ဆယ်လအတွင်း NLD ပါတီဝင် ၆၅၀ နီးပါး အဖမ်းခံရ နေပြည်တော်မှာ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၁ ရက်နေ့တွင်ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ် တွေ့ဆုံပွဲကို တွေ့ရစဉ်
Photo: RFA

စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၀ လအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၆၄၉ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဇန်နဝါရီ ၁ ရက် မနေ့က NLD က ထုတ်ပြန်လိုက်ပါတယ်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒု-ဥက္ကဋ္ဌ တွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါက်တာ ဇော်မြင့်မောင် တို့ ပါဝင်နေပြီး ၄၈၉ ယောက်က ဆက်လက်ဖမ်းဆီးခံထားရပါတယ်။

ဖမ်းဆီးခံနေရတဲ့ ကာလအတွင်းနဲ့ ပြန်လွတ်ပြီးအကြာခင်မှာ သေဆုံးခဲ့ရသူတွေထဲမှာ ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ဗဟိုပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၊ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်(ခ) ဦးအေးကြူ တို့ပါဝင်သလို သေဆုံးခဲ့ရသူ အရေအတွက်ဟာ ၁၄ ယောက် အထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ၁၀ လအတွင်း နိုင်ငံတစ်ဝှမ်းက NLD ရုံးတွေ တိုက်ခိုက်၊ ဖျက်ဆီးခံခဲ့ရတာ ၈၆ ကြိမ်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NLD ပါတီဝင်နဲ့ ထောက်ခံသူ ၇၇ ယောက်ရဲ့ နေအိမ်တွေဟာလည်း ဒီကာလအတွင်းမှာ ချိတ်ပိတ် ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရသူပေါင်း ၁၂၀၀ နီးပါးရှိခဲ့ပြီး ဒီထဲက ၉၇ ယောက်ဟာ စစ်ကြောရေးမှာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရပြီးနောက် သေဆုံးခဲ့ရသူ တွေ ဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူတွေဟာ ရောဂါ အခံကြောင့် ဖြစ်တယ်လို့ RFA ကို ပြောဆိုခဲ့ဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။